မုံရွာမြို့နယ်၊ တောပုရွာသို့ ရိက္ခာလာပို့သည့်ကားကို ပဒေသာမိုင်း၄လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ရာ ပစ်မှတ်တည့်တည့် ထိမှန်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၀နာရီ၄၇မိနစ်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပျူစောထီးရွာ ဖြစ်သည့် တောပုရွာသို့ ရိက္ခာလာပို့သော Dyna ကားတစ်စီးကို တောပုရွာသို့ သွားရာလမ်းတစ်နေရာတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း Area71 PDF Monywa က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က တောပုရွာသို့သွားရာလမ်းတစ်လျှောက် ကင်းပုန်းအထပ်ထပ်ချထားသည့်ကြား ရိက္ခာကားလာရာလမ်းသို့သွားပြီး အချိန်ပေးစောင့်နေကာ အဆိုပါကား မိုင်းပွိုင့်နေရာသို့အရောက် ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ဒီနေ့မနက်ကတည်းက မုံရွာမြို့ပြင်မှာ စခ တွေ ခပ်လှုပ်လှုပ်တွေ့နေရတယ်။ ကင်းပုန်းလာဝပ်ကြတာ။ ဒီနေ့ ၁၁နာရီလောက်မှာ တောပုသွားတဲ့လမ်းမှာ PDF တွေ မိုင်းဆွဲလိုက်တယ် ကြားတယ်။ ကြားတဲ့သူတွေက အသံတော်တော်ကျယ်တယ်ပြောတယ်။ တောပုရွာကို စခတွေ သွားစရာရှိလို့ မနက်က တည်းက ကင်းပုန်းလာဝပ်တယ်ထင်တယ်။ PDF တွေကလည်း ကြိုတင်သတင်းရလို့ တောပုလမ်းမှာ စောင့်ပြီး မိုင်းဆွဲတာလို့ ထင်တယ်။ PDF တွေကိုဘယ်သူသတင်းပေးလဲ စဉ်းစားသာကြည့်တော့”ဟု မုံရွာမြို့၊အောင်ချမ်းသာရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
ရိက္ခာကားသည် မိုင်းထိ အပြီး အရှိန်လျော့ကျသွားပြီးနောက် ဆက်မောင်းသွားချိန်တွင် ကင်းပုန်း ဝပ်နေသည့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ကြသော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ကားပေါ်ပါလာသည့် စစ်သားတို့၏အသေအပျောက်စာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို Area71 PDF Monywaနှင့် Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့တို့ ပူး ပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ခြေရှုပ်နေသဖြင့် လုံးဝဖြတ်သန်းခြင်းမပြုကြရန် ယနေ့နံနက် ၈နာရီခွဲကျော်၌ Area71 ကထုတ်ပြန်ထားသည်။