စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပုလဲမြို့မရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့၊ ည ၁၀ နာရီမှ စတင်ကာ ဒေသတွင်း PDF တပ်ဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၁နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဂဠုန်နက်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
လက်နက်ကြီး ၆ ဆိုင်း ဖြင့် ပုလဲ မြို့မရဲစခန်းထဲ ပစ်ခတ်ခဲ့ပြီး စစ်သားများက လက်နက်ကြီး ပစ်ခတ်ရာနေရာကို ပြန်ပစ်ခတ်နေချိန်မှာ စခန်းကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
” လက်နက်ငယ်တွေနဲ့ဝင်ပစ်တော့ အကုန်ပြေးပြီးဝပ်ကြတာ၊ ထိတွေ့တိုက်ပွဲမှာ သူတို့ ဘက်က နှစ်ယောက် သေတာမျက်မြင်တွေ့ခဲ့ရတယ်၊ လက်နက်ကြီးသုံးလုံးက စခန်းထဲကျပြီး အဆောက်အုံတချို့ ထိခိုက်ပျက်စီးတယ်” ဟု၎င်းကပြောသည်။
ရဲစခန်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကို ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ပြီး လက်နက်ငယ် များဖြင့် အနီးကပ်တိုက်ပွဲကို ဂဠုန်နက်တပ်ဖွဲ့ဝင်များက ဆင်နွှဲကြောင်း ၎င်းကဆိုသည်။
ယနေ့နံနက်ပိုင်းအထိ စစ်သားနှင့်ရဲတို့ သေဆုံးထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း PDF တို့ ပစ်လိုက်သည့် လက်နက်ကြီး ရဲစခန်းဝန်းထဲ ကျရောက်ပေါက်ကွဲသည်မှာသေချာကြောင်း ပုလဲမြို့ခံတစ် ဦးကပြောသည်။
“လက်နက်ကြီး ရဲစခန်းထဲကျတာ သေချာတယ်။ သွားမကြည့်ရဲပေမဲ့ ဒီမနက် ဈေးထဲပြောနေကြလို့သိတာ။လက်နက်ကြီး ရဲဝန်းထဲကျတော့ သေဖို့များတယ်။ အသေအပျောက် သတင်းတော့ ရပ်ကွက်ထဲ မကြားရသေးဘူး”ဟု၎င်းကပြောသည်။
ယမန်နေ့ ညတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၂ ဦးမှာ စစ်သားလား၊ ရဲလားဆိုသည်ကိုမူ မသိကြောင်းဂဠုန်နက်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦးလည်း ကျည်ရှပ်မှန်ခဲ့ရာ ဆေးကုသမှု ခံယူနေရကြောင်း ဂဠုန်နက်တပ်ဖွဲ့ထံကသိရသည်။
ပုလဲမြို့မရဲစခန်းတွင် စစ်သားနှင့် ရဲ စုစုပေါင်းအင်အား ၅၀ ဝန်းကျင်ရှိပြီး လူနေရပ်ကွက်နှင့်အလှမ်းဝေးသည့်အပြင် ရဲစခန်းအနီး တရားရုံးသာ ရှိသောကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သိရသည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။