မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၉ ဦးသေဆုံးကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။
ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီခန့်က ငါန်းဇွန်-တံတားဦး ၁၄ မိုင်လမ်းမပေါ်ရှိ ညောင်ပင်ကြီးရွာအနီးသို့ စစ်သား ၅ ဦး၊ပျူစောထီး ၅ ဦး နှင့် ရဲ ၈ ဦးတို့ ဆိုင်ကယ် ၅ စီး၊ ကား ၁စီးဖြင့်ရောက်ရှိလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကား တစ်စီးနဲ့ ဆိုင်ကယ် ၅ စီး ကင်းပတ်နေတာ။ ကားပေါ်မှာက စစ်သားတွေ။ ကျနော်တို့က ဆိုင်ကယ် ၅ စီးကို မိုင်း ၈ လုံးနဲ့ အဓိက ထားဆွဲတာ။ ကားက ပြန်လှည့်လာပြီး စက်ကလေးရော လက်နက်ကြီးရောနဲ့ ပြန်ပစ်တာ။ ကျနော်တို့ကလည်း ၄၀ မမ၊ M4တွေနဲ့ ပြန်ပစ်တာ။ မြို့နဲ့လည်းနီးတော့ စစ်ကူတွေ ထပ်ရောက်လာတာ။ ကျနော်တို့ ပြန်ဆုတ်လာခဲ့တာ။ ရည်ရွယ်ချက်ကတော့ လက်နက်ရဖို့ အပြီးလုပ်တာ။ အစီအစဥ်ဆွဲတာကို ၇ ရက်လောက်ကြတယ်”ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုရဲကြီးက ပြောသည်။
စစ်အုပ်စုဝင်များ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နှင့် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသော မြင်းခြံခရိုင်တပ်ရင်း-၆(ငါန်းဇွန်)၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂၊ မန္တလေးခရိုင်အမှတ်(၅)တပ်ရင်း(MNPDF)၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့၊ ခုနှစ်စင်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ TGYRပြောက်ကျားတပ်ဖွဲ့၊ မီးနဂါးပြောက်ကျားတပ်ဖွဲ့၊ Special Task Force၊ ပြည်သူ့အင်အား၊ LPDF(စဥ့်ကိုင်)နှင့် MSPDF(မြောင်)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ် တောင်လယ်တောရွာနှင့် ရွာသာရွာကြားတွင် စစ်ကောင်စီတပ်ကို ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့်မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။