မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၅၈လမ်း ၁၂၃ လမ်းက ( စ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၈နာရီခန့်က က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စ ရပ်ကွက်ရုံးကို ဗုံး နှစ်လုံးထု တိုက်ခိုက်ခဲ့ရာ တစ်လုံးက ခေါင်မိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်တလုံးမှာ မြေကြီးပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်း ပြောက်ကျားတိုက်ပွဲ ဆင်နွှဲနေသည့် မြနန္ဒာစစ်ဆင်ရေးက ထုတ်ပြန်သည်။
” အဲ့ရပ်ကွက်ရုံးက ခဏခဏ ဗုံးထုခံရတာ၊ မနေ့ကတော့ အသံတော်တော်ကျယ်တယ်၊ အိမ်တောင်တုန်တာ၊
အထိအခိုက်တော့ မသိရသေးဘူး”လို့ (စ)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
စ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲချိန်တွင် ရုံးထဲမှ ပြေးထွက်လာသည့် စစ်သားများကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို VOMDY-Front Warrior ၊ NGU:FF မြေခွေးတပ်ဖွဲ့ နှင့် Acid Army PDF MDY တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ နာရီစင်နှင့် စျေးချိုတော်အနီး အောင်မြေသာစံမြို့နယ် ၊၂၆လမ်း ၈၄လမ်းထောင့်က အင်းဝဘဏ်ရှေ့ကင်းစောင့်နေသည့် စစ်သားများကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန်ထားသည်။.
မန္တလေးမြို့ ၅၁ လမ်း ၁၃၆ လမ်းဆုံက စစ်ကောင်စီတပ် ဂိတ်စခန်းကိုလည်း ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခ်ိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁ တပ်ရင်း ၉ နဂါးနီတပ်ရင်း ထံကသိရသည်။.
မန္တလေးမြို့ပေါ်က ယင်းတိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေနေများကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။