ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် G1(စစ်ဦးစီးပထမတန်း)လိုက်ပါလာသော စစ်ကား ၂စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ခွဲ-၂(Phoenix DF )ထံကသိရသည်။
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က တောင်ညိုဆည်မှ ထွက်ခွာလာသော ယင်းစစ်ကား၂စီးကို လယ်မအင်းကျေးရွာနှင့် မကျည်းပင်ကျေးရွာကြားတွင် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“တောင်ညိုဆည်ဘက်ကနေ စစ်ကား ၂စီးနဲ့အရာရှိ(G1)တစ်ဦးပါတယ်လို့ သတင်းရတယ်။ဒါပေမဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေရှိနေတော့ ကျနော်တို့ သတ်မှတ်ထားတဲ့ပုံစံမျိုးထိ မလုပ်နိုင်ခဲ့ဘူး။ အဲ့ဒီစစ်ကား ၂ စီးက မန်ကျည်းပင်ဆည်ကိုလာတာ။ ကြီးကြီးမားမား ထိခိုက်သွားတာတော့မရှိပါဘူး”ဟု တပ်ခွဲ-၂ Phoenix DF တာဝန်ခံကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်သားများက သေနတ်များဖြင့် ရမ်းပစ်ခတ်ခဲ့ပြီး မိုင်းဆွဲခံရသည့်စစ်ကားများမှာ မန်ကျည်းဆည်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း အင်အား ၃၅ ဦးပါသော စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင်-PDF က တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သေးသည်။
ပဲခူးတိုင်းသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တိုင်းထဲတွင်ပါဝင်ပြီး ပဲခူးရိုးမကို အင်အားရာဂဏန်းဖြင့် စစ်ကြောင်းထိုးနေကြောင်းလည်း သိရသည်။