စစ်ကောင်စီနှင့် တိုက်ပွဲတွင် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်မဲကြီး ကျဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၃၁ရက်နေ့က ကယား(ကရင်နီ) ပြည်နယ် တိုက်ပွဲအတွင်း ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု(SSLRU) လက်အောက်ခံ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မဲကြီးသည် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
“ ဇန်နဝါရီ ၃၁ ရက်နေ့က ကျဆုံးခဲ့တာပါ။ ကျွန်တော်တို့ ပူးပေါင်းလာတဲ့ ၃လ အတွင်းမှာ မဟာမိတ်အဖွဲ့ထဲက ရဲဘော်မဲကြီး ကျဆုံးတာပါ” ဟု ၎င်းကပြောသည်။
ရှမ်းပြည်(တောင်ပိုင်း)ဒေသခံဝောာ်လှန်ရေးတပ်ပေါင်းစုနှင့် ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစုတို့သည် ကယား(ကရင်နီ)ဒေသ အတွင်း စစ်ရေး ပူးပေါင်း တိုက်ခိုက်ခဲ့သည် မှာ ၃လပြည့်ခဲ့ပြီဖြစ်သည်။
“ SSLRU တပ်ပေါင်းစုထဲက ရဲဘော်မဲကြီးကျတာ ဒါပထမဆုံးအကြိမ်ပါ။ စိတ်မကောင်းများစွာဖြစ်ရပါတယ်။ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်။” ဟု ကိုလင်းလင်းက ပြောသည်။
ကျဆုံးရဲဘော် မဲကြီးနှင့်ပတ်သက်ပြီး ရှမ်းပြည်(တောင်ပိုင်း)ဒေသခံဝောာ်လှန်ရေးတပ်ပေါင်းစု(SSLRU)သို့ MPAမှ ဆက်သွယ်မေးမြန်းရာ အင်တာနက်လိုင်း အခက်အခဲနှင့် ဖုန်းလိုင်း ပြတ်တောက်သည့် နေရာရောက်ရှိနေသဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိပေ။