အသံတိတ်သပိတ် ကျင်းပနေချိန်အတွင်း စစ်ကောင်စီတပ် သွားလာခြင်းမရှိနိုင်ရန် မြိတ်-ထားဝယ်ကားလမ်းတစ်နေရာ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇နာရီမှ နေ့လည်ပိုင်းအထိ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့( PRDF) တပ်ဖွဲ့က စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဒီနေ့က တို-သင်္ကန်းတော -ကဒဲ လမ်းပိုင်းကို စစ်ဆေးမှု ပြုလုပ်တာပါ။ အသံတိတ်သပိတ်အတွင်း ခရီးသွားလာနေတဲ့ ပြည်သူတွေကို ဘာအပြစ်မှမပြောပါဘူး။ စစ်တပ်က အခွင့်အရေးယူပြီး သပိတ်အတွင်း သွားလာမှာစိုးလို့ပါ” ဟု PRDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များတင်မက ရွာငယ်များပါမကျန် အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြောင်း ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“ မနက် ၉ နာရီကနေ နေ့လည် ၃ နာရီ အထိမြို့ပေါ်မှာ လူမရှိဘူး။ ဒလန်လို့ နာမည်ထွက်နေတဲ့သူတချို့ နဲ့ ယောကျ်ားနှစ်ယောက်ကို ဆိုင်ကယ်ပေါ်တင်စီးပြီး လှည့်နေတဲ့သူတွေတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ပုလောမြို့နယ်အခြေစိုက် ၂၈၅ တပ်ရင်းမှ စစ်သားများသည် ယနေ့တွင် မြို့တွင်းကင်းလှည့်ခြင်းမရှိဘဲ အသံတိတ်သပိတ်အတွင်း ငြိမ်သက်စွာ တပ်တွင်းနေကြကြောင်း MPAက စုံစမ်းသိရသည်။






