မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီးရှိ အမှတ်(၃၁၄ )အမြောက်တပ်အတွင်း စစ်ကောင်စီတပ်သားတို့ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ သေဆုံးထိခိုက်မှုများနိုင်ကြောင်း Hawk Revolutionary Squad (H R S)က ယနေ့ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ ၂၇ ရက်နေ့၊ ညနေ ၄နာရီခွဲခန့်က တပ်တွင်းသတင်းရင်းမြစ်တို့၏ သတင်းပေးပို့မှုအရ ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာအနီးရှိ အမြောက်တပ်အတွင်း ဘောလုံးကန်နေစဉ် ၆၀ (မမ) ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ ထိခိုက်မှုများကြောင်း သိရသည်။
“အမြောက်တပ်က ဘီးလင်းမြို့ပေါ်နဲ့ ကပ်လျက်ပဲ။ သေချာပစ်မှတ်တည့်တည့်ကို ပစ်နိုင်ခဲ့တယ်။ သေတာနဲ့ ဒဏ်ရာရတဲ့ လူအရေအတွက်သာ သေချာမသိတာ။ တော်တော်ထိတာတော့ သေချာတယ်”ဟု သထုံမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
ဗုံးကြဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် ထပ်မံ၍ ည ၇ နာရီခန့်တွင် ဗုံးသီး (၃) လုံး ထပ်ကြဲခဲ့ကြောင်း H R S ကဆိုသည်။
“ဘီးလင်းက သူတို့ အုပ်ချုပ်ရေးရုံးကနေ ထွက်လာတဲ့သတင်းက ညနေပိုင်း ဒရုန်းထိတာ သေကြတယ်လို့ပြောတယ်။ပြီးတော့ လူစုဝေးနေတဲ့ ဘောလုံးကန်နေတဲ့အချိန် လာလုပ်သွားတာ သတင်းပေး ရှိလို့ပဲဆိုပြီး အမြောက်တပ်ကအကောင်ကြီးတွေက အော်ဟစ်နေတယ်လို့ ပြောတယ်။ ညပိုင်း ဒရုန်းနဲ့ထပ်ပစ်တာတော့ သေချာမသိဘူး”ဟု ဘီးလင်းမြို့ပေါ်ရှိ ဝန်ထမ်းတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို HRS နှင့် KNLA တပ်ရင်း ၂၊ တပ်ခွဲ ၃ ပူးပေါင်းတပ် တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
အမြောက်တပ်အတွင်း သေဆုံးထိခိုက်အခြေအနေကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။