စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ကျေးရွာများကို လုယက်မီးရှို့နေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ စစ်သား ၂ ဦးနှင့် ပျူစောထီး၂ ဦးသေဆုံးခဲ့ကြောင်း NDRF တပ်ဖွဲ့ထံက သိရသည်။
ဇန်နဝါရီ ၂၅ ရက်မွန်းလွဲ ၁နာရီဝန်းကျင်၌ ဝက်လက်မြို့နယ်၊ ခေါတောကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် အင်အား ၆၀ ခန့်ပါသောတပ်ကို Ngwe Dwin Revolution Force (NDRF)နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဝက်လက် အနောက်ဘက်အခြမ်းက ရွာတွေမှာ မီးရှို့လုယက်နေတာ ၃ ရက်ရှိပြီ။ဒီကောင်တွေက ပြည်သူတွေဆီက လုယက်ပြီးရလာတဲ့ ပစ္စည်းတွေကို လှတောရဲစခန်းကိုပို့တယ်။
ကျနော်တို့က ဒီကောင်တွေ ရှိတဲ့နေရာကို သွားပြီး ဗုံးသီးချ ခဲ့တာ။သူတို့နားနေချိန် ဗုံးသီး ၆ လုံးချတာ”ဟု NDRF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ခေါတောရွာထဲ ဝင်ရောက်လုယက်မီးရှို့ပြီးနောက် ပြန်ထွက်လာကာ တခြားရွာဆီသို့အကူး လမ်းတွင် ခေတ္တနားနေစဉ် ဒရုန်းနှင့်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို NDRF နှင့်မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် MSaiNaw ငရဲမီး(မုံရွာခရိုင်တပ်ရင်း-၆)၊MRTF(မုံရွာခရိုင်တပ်ရင်း-၂၁၊တပ်ခွဲ- ၂)တို့မှ့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်တွင် ခေါတောရွာသားတစ်ဦး ရွာသို့ပြန်လာစဉ် စစ်ကောင်စီတပ်သားများ ခေတ္တနားနေခဲ့သော တဲ အတွင်း စစ်သား နှင့်ပျူစောထီးအလောင်း ၄ လောင်း တွေ့ရှိခဲ့သည်ဟု သတင်းပို့ကြောင်း NDRF တာဝန်ရှိသူက ပြောသည်။
စစ်သားနှင့်ပျူစောထီးတို့ ဒရုန်းထိမှန်သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အရာတော်မြို့နယ် ကျွန်းဖိုကျေးရွာမှာ ဆက်ကြေးကောက်ခံနေသော စစ်ကောင်စီစစ်ဆေးရေးယာယီဂိတ်စခန်းကို NDRF နှင့် မဟာမိတ်တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။