ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၌ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနေသည့် မြို့နယ်ထွေအုပ်ရုံးကို ယမန်နေ့ကညပိုင်းက အဝေးထိန်းအကြီးစားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက် ည ၁၀ နာရီခန့်က ကြို့ပင်ကောက်မြို့ အနောက်တောင်ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ စစ်ကောင်စီတပ်သားများလုံခြုံရေးယူထားသည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကိုအဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကြို့ပင်ကောက် ထွေအုပ်ရုံးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တာဟုတ်ပါတယ်။မဲစာရင်းတွေပြုစုနေကြတာ။ပထမ အဆင့် သတိပေးတဲ့ သဘောပါ။အဲ့ဒီ ရုံးမှာ စစ်သား တွေလည်းရှိတယ်။ဝန်ထမ်းတွေနဲ့စစ်သားတွေ စုစုပေါင်း ၂၀ ဝန်းကျင်တော့ရှိနိုင်မယ်။စစ်သား ၃ ဦးဒဏ်ရာရသွားတယ်လို့တော့ မြေပြင်သတင်းတွေအရသိရပါတယ်”ဟု ပဲခူးတိုင်း ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၁) တပ်ခွဲ(၅) တပ်ဖွဲ့ဝင်များက နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ဖောက်ခွဲပြီးနောက် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။
ဇန်နဝါရီ၁၄ရက်နေ့ညပိုင်းကလည်း ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှူထမ်းဟောင်းရုံးကိုလည်း သာယာဝတီခရိုင်PDF ကတိုက်ခိုက်ခဲ့သေးသည်။