တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ရှပ်ပုံရွာအား စစ်ကောင်စီတပ်မှ သုံးကြိမ်မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့(ဇန်နဝါရီလ ၁၉ရက်)က PDFတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှပ်ပုံရွာကို အကြမ်းဖက်စစ်တပ်မှ အငြိုးထားကာ အကြောင်းမဲ့ သုံးကြိမ်မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။
“ မနေ့ကမနက်၁၀ခွဲကစရှို့တာ။ နေ့လည် ၂နာရီလောက်က တစ်ကြိမ်မီးရှို့တယ်။ နောက်ပြီး ည ၈နာရီလောက်က ရောက်လာပြီး တစ်ကြိမ်မီးရှို့တယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် ရှပ်ပုံတိုက်ပွဲကြောင့် ရှပ်ပုံရွာနှင့် အနီးအနားရှိရွာများသည် တိုက်ပွဲဘေးကင်းရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မွေးကင်းစကလေးငယ်အပါအဝင် ဒေသခံ ၃၀၀ကျော် တိုက်ပွဲရှောင်နေကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းမှ အတည်ပြုသည်။
” အခုက ပြည်သူတွေက တစ်ယောက်မှ ရွာထဲမှာမရှိဘူး။ အဲ့တာကို သက်သက်သူတို့လူတွေသေလို့လာပြီးမီးရှို့တာ။အိမ်ခြေဘယ်လောက်ပျက်စီးလဲဆိုတာ မသိသေးဘူး။ရွာထဲမဝင်ရသေးဘူး။ဒီကောင်တွေ ကျွန်တော်တို့ရှိတဲ့နေရာကို လာမတိုက်ပဲ ပြည်သူကိုပဲဒုက္ခပေးနေကြတာ” ဟု ပူရိယက္ခညီနောင်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
လက်ရှိတွင် ရှပ်ပုံရွာအတွင်းရှိ အိမ်အချို့သည့် ပြာအတိပဲကျန်ရှိပြီး ဒေသခံ၃၀၀ကျော်မှာလည်း နေအိမ်မပြန်ရဲသဖြင့် နီးစပ်ရာတောတန်းများထဲတွင် ပုန်းအောင်းကာ တိုက်ပွဲရှောင်နေရကြောင်း MPAမှ စုံစမ်းသိရသည်။