တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ရှပ်ပုံရွာတိုက်ပွဲအတွင်း စစ်သား ၇ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)ထံကသိရသည်။
ပုလောမြို့နယ်၊ရှပ်ပုံရွာအတွင်း ဇန်နဝါရီလ ၁၆ရက်၊ နေ့လည် ၁၂နာရီမှ ၃နာရီအထိတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း PRDFခေါင်းဆောင်တစ်ဦးက ဆိုသည်။
“ စစချင်းရှပ်ပုံရွာထဲမှာရှိနေတဲ့ စစ်သားတွေရဲ့ကားကို မိုင်းခွဲတာ။အပြန်အလှန်ပစ်ခတ်ကြတာပေါ့။သူတို့ဘက်က ၆ကောင်ကျတယ်။တိုက်ပွဲထဲမှာ ခွေးတစ်ကောင်နဲ့ ရှပ်ပုံက အုပ်ကြီးတစ်ကောင်ကို အရှင်ဖမ်းမိတယ်” ဟု ၎င်းကပြောသည်။
အရှင်ဖမ်းမိခဲ့သည့် ရှပ်ပုံကျေးရွာအုပ်ချုပ်ရေးမှူး ငြိမ်းချမ်းအောင်မှာ ရှပ်ပုံရွာပျူစောထီးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သူဖြစ်ကြောင်း သိရသည်။
“ မနေ့ကတိုက်ပွဲထဲမှာ စစ်တပ်က လက်နက်ကြီးတရစပ်ထုနေတာပေါ့။အဲလိုအချိန်မှာ ပြေးနေတဲ့ နှစ်ကောင်ကို အရှင်ဖမ်းမိတာ။အရှင်ဖမ်းမိတဲ့နှစ်ကောင်ကို ခွင့်လွှတ်နိုင်စရာမတွေ့လို့ ရှင်းလိုက်တယ်။သေနတ်အတိုတစ်လက်၊အရှည်တစ်လက်သိမ်းမိတယ်။ကျည်ကတ်က ၆ခု၊ကျည်ဆန် ၆၀၊လက်နက်ကြီးဗုံးဆန် ၆ခုနဲ့ လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရမိတယ်။ကျွန်တော်တို့ဘက်က သေသူမရှိပါဘူး” ဟု PRDFခေါင်းဆောင်ကပြောသည်။ ရှပ်ပုံရွာတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သားစာရင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယမန်နေ့က ရှပ်ပုံတိုက်ပွဲဖြစ်ပွားနေချိန်တွင် ပူရိယက္ခညီနောင်စစ်ကြောင်း နှင့် PDFတပ်ဖွဲ့တို့က ပုလောအခြေစိုက် ၂၈၅တပ်ရင်းနှင့် မကျည်းကုန်းဂိတ်တို့ကို သွားရောက်ပစ်ခတ်ကာ တပ်ကူမလာနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း MPAက စုံစမ်းသိရသည်။