တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် PDF ရဲဘော်တစ်ဦး မိုင်းထိပြီး ပကဖ ရဲဘော်တစ်ဦး ကျည်ထိမှန်ကာ ကျဆုံးခဲ့ကြောင်းသိရသည်။
ကျဆုံးရဲဘော်တို့မှာ ပုလောအခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့နှင့် ပုလော PDF တပ်ဖွဲ့တို့က ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့နှင့် ၁၄ ရက်နေ့က ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုလောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကပြောသည်။
“ မနေ့က မနက်ပိုင်းက ပုလော PDF ရဲဘော်နှစ်ဦး ထမင်းမစားရွာနားမှာ စစ်ခွေးတွေကို မိုင်းသွားထောင်တာ။ ထောင်နေတုန်း မိုင်းကွဲတော့ အသက် ၃၆ နှစ်အရွယ် ရဲဘော်တစ်ဦး ကျတယ်။ နောက်ရဲဘော်က မိုင်းထိဒဏ်ရာရတယ်။ အခု ဆေးကုသမှုခံနေပါပြီ” ဟု ၎င်းကပြောသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တပိုရွာနှင့် စက်တော်ရွာကြား တစ်နေရာ၌ ပုလောအခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲဘော်ဘိုဖြူ ကျည်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း တောကြီးမြွေဟောက်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ဟိုဘက် ဒီဘက် ပစ်ရင်း ကျသွားတာပေါ့။ ခေါင်းကိုထိတာ။၁၄ရက်နေ့ကဆုံးတာပါ။ဆုံးတဲ့အချိန်မှာ အသက်က ၃၆နှစ်ရှိပါပြီ” ဟု ၎င်းကပြောသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများနှင့် မိုင်းခွဲတိုက်ခိုက်မှုများ အဖြစ်ပွားဆုံး မြို့နယ်များထဲတွင် ပုလောမြို့နယ်ပါရှိပြီး ပုလောအခြေစိုက် ၂၈၅ တပ်ရင်းအတွင်းသို့ ၄၀ မမဖြင့် ပစ်ခတ်မှုနှင့် တပ်ရင်းဂိတ်အနီး မိုင်းထောင်မှုအထိပါ ပြုလုပ်ခဲ့ကြောင်း MPA က စုံစမ်းသိရသည်။