စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲခံရသည့်စစ်ကားကိုတားသည့် ကင်းပုန်းဝပ်နေသော စစ်သားအား ကားဖြင့် တိုက်သတ်လိုက်ရာမှ စစ်တပ်ချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၃နာရီခွဲကျော်က မြင်းမူမြို့နယ်၊ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင် စစ်ကား၂စီး
မိုင်းဆွဲခံရပြီးနောက် ဆက်လက်မောင်းနှင်လာစဉ် မလှမ်းမကမ်းနေရာ၌ ကင်းပုန်းဝပ်နေသည့် စစ်သား က ကားထွက်တားခဲ့ရာ ကားဖြင့် တိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD)တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇကပြောသည်။
“ကျွန်တော်တို့ မိုင်းဆွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ကင်းပုန်းဝပ်နေတဲ့ ခွေးတွေရှိတယ်။ကင်းပုန်းဝပ်နေတဲ့ ခွေးတွေက မိုင်းဆွဲခံရတဲ့ ကား ကိုတားတာ။ကားက ရပ်မပေးဘဲ တားတဲ့ စစ်သားကိုပါ ဝင်တိုက်ပစ်လိုက်လို့ တစ်ယောက်သေသွားတယ်။သူတို့ချင်း အပြန်အလှန်ထပ်ပစ်သေးတယ်။ နောက်ထပ် စစ်သား ၁ ယောက်သေတယ်”ဟု ၎င်း ကပြောသည်။
မိုင်းဆွဲခံရမှုကြောင့်လည်း စစ်ကားတစ်စီး ပျက်စီးသွားပြီး စစ်သားအများအပြားထိခိုက်သေဆုံးနိုင်ကြောင်း PAFD ထံက သိရသည်။
“မြင်းမူ ကနေထွက်လာတဲ့ စစ်ခွေးတွေကို ကျနော်တို့ မိုင်းပွိုင့် ကိုရောက်တဲ့နေရာမှာ မိုင်းဆွဲတယ်။ရှေ့စီးကို မိုင်းဆွဲတဲ့အခါ နောက်က စစ်ကား ၁ စီးကရပ်လိုက်တယ်။နောက်စီးရပ်နေတဲ့နေရာက ကျနော်တို့ထောင်ထားတဲ့ မိုင်းတည့်တည့်နေရာဆိုတော့ ထပ်ဆွဲလိုက်တယ်။ဆီတိုင်ကီ ပေါက်ထွက်သွားတာ ဆီတွေယိုကျနေတာ”ဟု ၎င်းကပြောသည်။
ယင်းစစ်ကား၂စီးသည် မြင်းမြို့မှ မုံရွာဘက်သို့ ထွက်ခွာလာခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)တပ်ခွဲDK၊PDF(MMU)၊People’s Knight Defense Force Myinmu(PKDF-MMU)၊TAUNGTHA People Defense Force(TTAPDF)နှင့် DBBF-MMUတို့ ပူးပေါင်းဆင်နွှဲ ခဲ့ခြင်းဖြစ် သည်။
ဇန်နဝါရီ ၈ ရက် နေ့ကလည်း စစ်ကိုင်းတပ်မ ၃၃ မှ မုံရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကား ၂ စီးကို PAFDနှင့်မဟာမိတ်တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့်အလ္လကပ္ပရွားကြားတွင် စစ်ကောင်စီယာဥ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်လျက်ရှိသည်။