တနင်္သာရီတိုင်း၊ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KNDOဦးဆောင်သည့် တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၈ရက်နေ့၊နံနက်၅နာရီခန့်က ပုလောမြို့နယ်၊မီးလောင်ချောင်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းငယ်တစ်ခုကို KNDO ဦးစီးသည့် ပူရိယ္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDOတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ တိုက်ပွဲက ၅နာရီလောက်ကြာတယ်။လက်နက်ကြီး အပြန်အလှန်ပစ်ကြတယ်။ပူရိယက္ခညီနောင်စစ်ကြောင်းက ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်။စစ်ခွေးဘက်က ၁ဦးသေပြီး သုံးကောင်ဒဏ်ရာအပြင်းအထန်ရတယ်” ဟု ၎င်းက ပြောသည်။
မီးလောင်ချောင်းရွာ တိုက်ပွဲမှာ မနက်၅နာရီခန့်မှ စတင်ခဲ့ကာ မနက် ၁၀နာရီအထိ ဖြစ်ပွားခဲ့သလို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)တို့ တိုရွာတွင် ထိတွေ့မှု ၁၅မိနစ်ခန့်ဖြစ်ပွားခဲ့သေးကြောင်း PPDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ၈ရက်နေ့ မနက် ၁၁နာရီခွဲလောက်က တိုရွာကနေတက်လာတဲ့ စစ်ခွေးတွေနဲ့ ကျွန်တော်တို့အပြန်အလှန်ပစ်ကြတာ။သူတို့ဘက်က တစ်ဦးသေတယ်။ကျွန်တော်တို့ဘက်က အထိအခိုက်မရှိခဲ့ဘူး” ဟု ၎င်းကပြောသည်။
မီးလောင်ချောင်းတိုက်ပွဲကို ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ဦးဆောင်ခဲ့ပြီး မဟာမိတ်ညီနောင် တပ်ဖွဲ့များဖြစ်သည့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ မိုးကြိုးအဖွဲ့ နှင့် Ghost Ranger တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။
မီးလောင်ချောင်းတိုက်ပွဲတွင် စစ်သားများသေဆုံးဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည် မပြုနိုင်သေးပေ။