မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ပိန္နဲတောင်ရွာအတွင်း လက်နက်ကြီးကျရောက်ကာ ယင်းရွာနေ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ တပ်ခွဲမှူးက ပြောသည်။
အဆိုပါပစ်ခတ်မှုကို ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) နေ့လယ် ၁နာရီ ၁၂ မိနစ်ခန့်တွင် ပုလောအခြေစိုက် ၂၈၅ တပ်ရင်းအတွင်းမှ ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲမှူးကဆိုသည်။
“ ၁၉ရက်နေ့ နေ့လယ်ကဖြစ်တာ။ ကောင်လေးက အသက်၂၀ ပဲရှိသေးတယ်။ သူ့ဟာသူ အိမ်ထဲမှာနေနေတာ။ စစချင်းကျတဲ့အလုံးမှာ ထိသွားတယ်။ ကျန်တဲ့ရွာသားတွေကတော့ ထွက်ပြေးကြတာပေါ့ ” ဟု (PRDF) တပ်ခွဲမှူးက ပြောသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ပိန္နဲတောင်ရွာအတွင်းနေထိုင်သည့် အပြစ်မဲ့ပြည်သူ အသက်၂၀ နှစ်အရွယ် မောင်ဇင်ဝိုင်းသေဆုံးခဲ့ရပြီး ကျန်အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်များလည်း ထိခိုက်ခဲ့ခြင်းကြောင့် ယင်းရွာအတွင်းနေသည့် ကလေး၊ လူကြီးပါမကျန် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ပိန္နဲတောင်ရွာသားတစ်ဦးက ပြောသည်။
ယင်းနောက် နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့သောကြာင့် ရွာသားအချို့ ရွာထဲသွားရောက်လေ့လာစဉ် သေဆုံးသူ မောင်ဇင်ဝိုင်းအလောင်းကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်သူမိဘများကိုခေါ်ကာ နာရေးစီစဉ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသားအား ဆေးကုသမှု ပြုလုပ်ပေးထားကြောင်း ပိန္နဲတောင်ရွာသားတစ်ဦးက ရှင်းပြသည်။
“နေ့လယ်ပိုင်းလောက်က ပစ်ချတာ။ အစက သားငယ်သေမှန်းမသိဘူး။ ရွာထဲကနေ ဘေးလွတ်ရာပုန်းကြရတာ။ အားလုံးငြိမ်လို့ ပြန်လာမှ သားငယ်သေမှန်းသိကြရတယ်။ လည်ပင်းမှာ အပေါက်ကြီးဖြစ်ပြီး ချက်ချင်းသေသွားတာ။ ငါတို့ဘာအပြစ်မှမလုပ်ဘဲ ငါတို့ဆို အရမ်းအနိုင်ကျင့်ကြတယ်။ ပြေးရလွန်းလို့ ရှိတာတွေလည်း ကုန်ပြီ။ ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် မလုံခြုံဘူး ” ဟု ပိန္နဲတောင်ရွာသားတစ်ဦးက နာကျည်းမုန်းတီးစွာဖြင့် သူ၏ ခံစားချက်ကို မျှဝေခဲ့သည်။
အဆိုပါပစ်ခတ်မှုသည် ဇူလိုင်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်မှ နေ့လယ် ၂ နာရီအထိ အချိန် တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ပိန္နဲတောင်ရွာနှင့် KNDOအုပ်ချုပ်သည့် ဆားခဲရွာကြားလမ်းရှိ တောအုပ်များကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း MPA မှ စုံစမ်းသိရသည်။