By MPA 011
အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားရသည့် မန္တလေးသံဃသမဂ္ဂ ဦးဆောင်သံဃာတစ်ပါး၏ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ယင်းဆရာတော်နှင့်နီးစပ်သူများကပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် ဆရာတော်၏ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ၊တာဝန်ယူကြရမည်ဟု သံဃသမဂ္ဂ (မန္တလေး) က အသိပေးထုတ်ပြန်ထားသည်။
“ဆရာတော်အတွက်စိုးရိမ်တယ်။ ဒီကောင်တွေက လူစိတ်ရှိတာမဟုတ်ဘူး။ သူတို့ကိုဆန့်ကျင်ရင် သံဃာတွေဘာတွေ နားလည်တာမဟုတ်ဘူး။ မတရားရိုက်နှက်မှာကို စိုးရိမ်တယ်” ဟု စစ်အာဏရှင်ကို ဆန့်ကျင်နေသည့် သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
သံဃသမဂ္ဂ(မန္တလေး)၏ ဦးဆောင်သံဃာတစ်ပါးဖြစ်သူ ဦးကလျာဏသည် ယမန်နေ့ (အောက်တိုဘာ ၃၀) ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်မိစ္ဆာများ၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။
ဆရာတော်သည် အကြမ်းဖက်စစ်မိစ္ဆာများ၏ ဖမ်းဆီးခြင်းမခံရမီအချိန်အထိ ကျန်းမာရေးကောင်းမွန် ပြီး ပျော်ရွှင်စွာနေတတ်သော ငယ်ဖြူစာချရဟန်းငယ်တစ်ပါးဖြစ်သည်ဟု သံဃသမဂ္ဂ (မန္တလေး)က အသိပေးထားသည်။
ထိုဆရာတော်နည်းတူ စစ်အာဏရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်ကော်မတီများတွင်ပါဝင်နေသည့် လူငယ်ငါးဦးခန့်လည်း အဆက်အသွယ်ပြတ်နေကြောင်း ၎င်းတို့နှင့်နီးစပ်သူများက ပြောဆိုကြသည်။
“မြေပြင်က ရဲဘော်တချို့နဲ့ အဆက်အသွယ်ပြတ်နေတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ ဖြစ်နိုင်ရင်တော့ ပတ်သက်မှုရှိထားတဲ့လူတွေရှောင်သင့်တယ်” ဟု ၎င်းတို့နှင့်နီးစပ်သူတဦးကလည်း ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုကန့်ကွက်ဆန္ဒပြနေသည့် သပိတ်ကော်မတီဝင်များကို မန္တလေးမြို့ တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေရာ အစောပိုင်းကာလကလည်း ပြည်ကြီးတံခွန်မြို့နယ် သပိတ်ကော်မတီမှ ဦးဆောင်ဆရာတော်သီတင်းသုံးနေထိုင်ရာကျောင်းတိုက်ကို အင်းအားအလုံး အရင်းဖြင့် စီးနင်းခဲ့သေးကြောင်း ဒေသခံတဦးက ပြောကြားသည်။
“သူတို့ကိုဆန့်ကျင်ရင် ဖမ်းမယ် နှိပ်စက်မယ် သတ်ဖြတ်မယ် ငွေညှစ်မယ် ဒါကသူတို့လုပ်နေကျပဲလေ။ ပြည်သူလူထုကိုပြောချင်တာက အကြောက်တရားအရမ်းမများပါနဲ့ မြေပြင်မှာ တကယ်လုပ်နေရတဲ့ လူတွေရှိတယ်။ ကိုယ်နိုင်တဲ့ဘက်က ပါပေးကြဖို့ပြောချင်တယ်” ဟု ၎င်းကပြောဆိုသည်။