ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျောင်းသားများလိုက်ပါလာသော စက်လှေတစ်စင်းကို ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်ပစ်ခတ်ခဲ့ခြင်းကြောင့် အလယ်တန်းကျောင်း သား ၂ ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင့် သတင်းရရှိသည်။
အဆိုပါလှေမှာ ရီးမဝကျေးရွာမှ တုံးမဝကျေးရွာစာသင်ကျောင်းသို့ ကျောင်းတက်ပြီးအပြန် နှမဒါ ကျေးရွာအနီးရှိ ကုလားတန်မြစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းကို ခံရခြင်းဖြစ်သည်။
” ကလေးနှစ်ယောက်ကတော့ ဆုံးသွားပါပြီ။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံမှာ ကုသထားပါတယ်” ဟု ပလက်ဝမြို့နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရီးမဝကျေးရွာက အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်နေမင်းထွန်းနှင့် မောင်အောင်သန်းမြတ်တို့ သေဆုံးခဲ့ကြသည်။
ထို့အပြင် အသက် ၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား၊မောင်အောင်လင်းဝင်း (နောက်ကျောဒဏ်ရာ)၊၅တန်းကျောင်း သူမခင်ကြည်အောင်(ခြေထောက်ဒဏ် ရာနှင့် အသက် ၅၄ နှစ်အရွယ် ကျောင်း အထွေထွေလုပ်သား ဦးပဒူး(ယာလက်မောင်းနှင့်နားရွက်အနီးတဝိုက်ထိ) တို့အသီးသီးဒဏ်ရာရရှိခဲ့ကြပြီး ပလက်ဝဆေးရုံတွင် ကုသမှုခံယူနေကြရကြောင်း သိရသည်။
” ပလက်ဝမှာက ဒီလ ၁ ရက်နေ့ကတည်းက ပစ်ခတ်သံတွေကြားနေရပါတယ်။ ဒီနေ့အထိပါပဲ။ နှမဒါရွာနားမှာ စစ်တပ်ကတပ်စွဲထားတာကြာပါပြီး။ အဲဒီတပ်ကပစ်လိုက်တာလို့သိရပါတယ်” ဟု ပလက်ဝဒေသခံတစ်ဦးက MPAသို့ပြောသည်။
ထိုတုံးမဝနှင့် ရီးမဝကျေးရွာမှာ ကုလားတန်းမြစ်အနောက်ဘက်ခြမ်းမှာတည်ရှိပြီး ပလက်ဝမြို့သို့ စက်လှေဖြင့်တစ်နာရီခန့်သွားရကာ၊ ခရီးဝေးသောကြောင့် ထိုဒဏ်ရာရရှိခဲ့သူ ၃ ဦးမှာ ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်မှသာ ပလက်ဝမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြကြောင်း သိရသည်။
ထိုကျောင်းသားများစက်လှေပစ်ပစ်ခံရသည့် နှမဒါကျေးရွာအနီးတွင်သြဂုတ်လ ၁ ရက်နေ့မှ ယနေ့အထိ ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
” ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့်လူမှုရေး၊ စီးပွားရေး ၊ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားမိဘပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချတပ်စွဲဂိတ်ချထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မပစ္စည်းတောင်းခံခြင်း ၊ငွေကြေးကောက်ခံခြင်း ၊သေနတ်ဖောက်ရပ်တန့်ခိုင်းခြင်း၊ မရပ်တန့်သောစက်လှေများအား သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသောကြောင့် ဒဏ်ရာရရှိသူများ၊ အသက်ဆုံး ရှုံးသူများရှိကာ ပြည်သူလူထုသည်လည်း အကြောက်တရား၊စိုးရိမ်ထိတ်လန့်မှုများရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်ပြီး ယမန်နေ့ကဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်အမှန်အား ထုတ်ပြန်အပ်ပါသည်” ဟု ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်ထားသည်။
” မိသားစုဝင်တွေက ဘာမှမပြောရဲကြပါဘူး။ စစ်သားတွေက ဆေးရုံမှာအပြည့်ရောက်နေတော့ မိသားစုဝင်တချို့ဆိုရင်တွေ့ခွင့်တောင်မရကြပါဘူး။ အခုက လူအများစုက ဖုန်းတောင်မပြောရဲကြဘူး” လို့ ပလက်ဝမြို့နေ ဝန်ထမ်းတစ်ဦးက MPA သို့ဆိုသည်။
ထို့အပြင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း” အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားငယ်နှစ်ဦး၏ ကျန် ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချင်းပြည်နယ်အတွင်းလူမဆန်သောအကြမ်းဖက်လုပ်ရပ်များအား မိမိတို့ကောင်စီအနေဖြင့်ပြင်း ထန်စွာရှုတ်ချကြောင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော် ထုတ်နိုင်ချိန်တွင် တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဟု ယနေ့ထုတ်ပြန်ထားသည်။
ရခိုင်တိုက်ပွဲကာလ ၂၀၂၀ ပြည်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊မြန်မာနိုင်ငံကလေးများနေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ခမီချောင်ကျေးရွာမူလတန်းကျောင်းအတွင်း အကြမ်းဖက်စစ်တပ်ပစ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး စာသင်နေသည့် ကျောင်း သူ၊ကျောင်းသား ၂၀ နီးပါး ထိခိုက်ဒဏ် ရာများရရှိခဲ့ဖူးသည်။