နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့တွင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်းကို ဖော်ပြလာပြီး ၎င်းတို့သည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တရားလက်လွတ် သတ်ဖြတ်ခံရခြင်းခံရမည့် အလားအလာများရှိနေဟု ဖော်ပြထားသည်။
AAPP ၏ ဖော်ပြချက်အတွင် လက်ရှိအချိန်၌ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံနေရသူ (၇၂) ဦးရှိသည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးကို ကွပ်မျက်စီရင်ကြောင်း အသိပေးထုတ်ပြန်ထားသော်လည်း တိကျသောထုတ်ပြန်မှုမျိုး မရှိခဲ့ဟု AAPP က အသိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ယင်းသို့ ကြေညာခဲ့သော်လည်း အကျဉ်းထောင်လက်စွဲဥပဒေ၏ ဥပဒေ ပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသင်္ဂြိုဟ် ခွင့်မရှိဘဲ သင်္ချိုင်းမြေနေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေ့ရက်တို့ကို ရေးသားဖော်ပြ၍ မြှုပ်နှံရမည်ဖြစ်သော်လည်း ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် လူသတ်အလောင်းဖျောက်ခြင်းမြောက်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
ယင်းနှင့် ပတ်သက်၍ AAPP ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ဒါလူသတ်မှုကျူးလွန်တာပဲ။ သူတို့က တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရမဟုတ်ဘူး။ သူတို့မှာ ဒါမျိုးလုပ်ခွင့်မရှိဘူး။ အခုလို လူသတ်အလောင်းဖျောက်တဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်သူတွေရဲ့ လုပ်ရပ်သာ ဖြစ်ပြီး အကြီးမားဆုံး ရာဇဝတ်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ် ” ဟု မှတ်ချက်ပြုထားသည်။
အကြမ်းဖက်စစ်ကောင်စီက ကွပ်မျက်စီရင်ကြောင်း အသိပေးခဲ့သော နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးပြီးနောက် နောက်ထပ်ကွပ်မျက်ခံရမည့် သူများရှိနေသည်ဆိုသော သတင်းမှာလည်း လတ်တလောတွင် ခပ်စိပ်စိပ်ပျံ့နှံ့လျက်ရှိနေသည်။