By MPA
ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများ၌ ဩဂုတ်လ၁၆ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၀ဉီးထိရှိလာပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာအကူညီများလိုအပ်လျက်ရှိနေသည်။
မေလတတိယအပတ်မှစတင်ပြီး အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြင်းထန်သောတိုက်ပွဲများကြောင့် ကရင်နီပြည်နယ်အတွင်းရှိ ဒေသခံအများအပြားသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ခဲ့ရသည့်အပြင် ကိုဗစ်ရောဂါပါကူးစက်လာခဲ့ရခြင်းဖြစ်သည်။
“အခုလက်ရှိအချိန်ထိတော့ စစ်ရှောင်စခန်းအသီးသီးမှာ ၄၀ဝန်းကျင်လောက်ရှိတယ်လို့အတည်ပြုလို့ရပါတယ်” ဟုကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက MPAသို့အတည်ပြုပြောဆိုသည်။
ကိုဗစ်ဖြစ်ပွားသူများကို စစ်ရှောင်စခန်းများတွင်သီးသန့်ထားရှိထားပြီး လူငယ်များကသာ ပြုစုစောင့်ရှောက်နေရသည်။ ကိုဗစ်အတည်ပြုလူနာများ အပါအဝင် စစ်ဘေးရှောင်များအတွက် အောက်ဆီဂျင်မလုံလောက်ခြင်း၊ ဆရာဝန်မရှိခြင်းအပြင် စားနပ်ရိက္ခာများအတွက် အခက်အခဲများရှိနေသည်။
ကရင်နီပြည်နယ်ရှိ ဖယ်ခုံ၊ မိုးဗြဲ၊ဒီးမော့ဆိုစသည့် မြို့နယ်အသီးသီးတို့ရှိ ကျေးရွာအသီးသီးမှ စစ်ရှောင်သူအများအပြားရှိနေပြီး ဩဂုတ်လ၁၆ရက်နေ့အထိ ၁သိန်းနီးပါးရှိလာပြီဖြစ်သည်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၊ ဖရူဆိုအနောက်ဘက်၊ ကယားပြည်နယ်အရှေ့ဘက်တို့တွင် စစ်ရှောင်များသည် တောတောင်များထဲတွင် ဖြစ်သလိုနေထိုင်ရလျက်ရှိနေပြီး တစ်ခါတရဲံအကြမ်းဖက်စစ်အုပ်စု၏ လာရောက်တိုက်ခိုက်မှုများ၊စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးရခြင်းများလည်းရှိသည်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်သည် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများအတွင်း လူသားဒိုင်းကာများအသုံးပြုခြင်း ၊ နေအိမ်များကိုဖျက်ဆီးခြင်း၊ ဘာသာရေးကျောင်းများကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ ကျေးရွာများတွင် တပ်စွဲခြင်းများပြုလုပ်ခြင်းများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။
ကရင်နီပြည်နယ်ကို စစ်တပ်ကအုပ်စိုးရန်အမျိုးမျိုးကြိုးစားခဲ့သော်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကြောင့် အုပ်ချုပ်၍မရသကဲ့သို့ အသေအပျောက်လည်း များပြားလျက်ရှိသည်။ မေလမှစတင်သော တိုက်ပွဲများမှစ၍ ယနေ့အချိန်ထိ ကရင်နီပြည်နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်သား၃၀၀ဝန်းကျင် ကျဆုံးခဲ့သည်။
လက်ရှိအချိန်ထိလည်း ကယားပြည်နယ်၏ နေရာအသီးသီးတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး စစ်ရှောင်ဦးရေမှာလည်း တိုးလျက်ရှိနေသည်။ ကယားပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်ကို နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရသည်။
#ကယားပြည်နယ် #စစ်ဘေးရှောင် #ကိုဗစ်ကူးစက် #MPA