By MPA
ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွာသာကြီး စက်မှုဇုန်များရှိ စက်ရုံအချို့မှ ဝန်ထမ်းများကို သြဂုတ်လ ဒုတိယအပတ်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေကြောင်း သတင်းရရှိသည်။
စက်ရုံဝန်ထမ်းများမှ ကာကွယ်ဆေးထိုးရန် ဆန္ဒပြုသူများအား စတင်ထိုးနှံပေးနေပြီး လှိုင်သာယာစက်မှုဇုန်၏ စက်ရုံ ၃ ရုံခန့်ထိုးပေးပြီးဖြစ်ကြောင်း သိရသည်။
” စထိုးပေးနေတာ ၃ ရက်လောက်ရှိပြီ။ စက်ရုံ ၃ ရုံလောက်ထိုးပြီးပြီပေါ့။ အရေအတွက်အားဖြင့်တော့ ၃၀၀၀ နီးပါးတော့ရှိပြီ။ စက်ရုံတွေမှာ ကာကွယ်ဆေးထိုးနှံချင်တဲ့သူတွေကို စာရင်းတောင်းလိုက်တယ်။ ထိုးဖို့ဆန္ဒပြုတဲ့သူတွေကို ထိုးပေးနေတာ။” ဟု လှိုင်သာယာစက်မှုဇုန် တာဝန်ရှိသူတဦးက MPA သို့ပြောသည်။
ရွာသာကြီးစက်မှုဇုန်ရှိ ကျောက်စိမ်းဖိနပ်စက်ရုံ တွင်လည်း သြဂုတ် ၁၅ ယနေ့မနက်ပိုင်းမှ စ တင် ၍ အဆိုပါစက်ရုံအပါအဝင် စက်ရုံ ၂ ရုံ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
” ဒီမနက်ကျနော်တို့စက်ရုံမှာ ကာကွယ်ဆေးစထိုးတယ်။ ပထမအကြိမ်ပေါ့နော်။ လူအကုန်ထိုးပေးတယ်။ ၁၄၀၀ လောက်တော့ရှိမယ်။ ” ဟု ကျောက်စိမ်းဖိနပ်စက်ရုံ HR မန်နေဂျာက ပြောသည်။
ထို့ပြင် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် နောင်ခန့်အပ်မည့်အလုပ်သမားများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံပြီးမှ ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ယခုကဲ့သို့ညွှန်ကြားထားခြင်းမရှိကြောင်းနှင့် လုပ်ငန်းရှင်များဘက်မှလည်း တစုံတရာမှတ်ချက်ပြုခြင်းမရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
စက်မှုဇုန်များရှိ စက်ရုံများသည် လူအင်အား ထောင်နှင့်ချီ လုပ်ကိုင်နေရပြီး လူစုလူဝေး အ များဆုံးဖြစ်ပေါ်နေရာများဖြစ်ကာ စက်ရုံအလုပ်သမားများ အနေဖြင့် အလုပ်တက်/ဆင်းချိန်တွင် ဖယ်ရီကားများပေါ်၌ social distancing မရှိဘဲ ပူးကပ်၍ လိုက်ပါနေရကြောင်း သိရသည်။
စစ်ကောင်စီက သြဂုတ်လ ၂၂ ရက်နေ့ထိ ဘဏ်များအပါအဝင် ရုံးများအားလုံး ရုံးပိတ်ရက်တိုးမြှင့်ပေးထားသော်လည်း စက်ရုံ၊အလုပ်ရုံများ က ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
#စက်မှုဇုန် #အလုပ်သမားများ #ကိုဗစ်ကာကွယ်ဆေး #စတင်ထိုးနှံ #COVID