ယနေ့ည သြဂုတ်လ ၈ ရက် ည ၉ နာရီခန့်အချိန်တွင် မန္တလေးမြို့ အိုးဘိုထောင်အတွင်း ထောင်တွင်းဆန္ဒပြမှု ဖြစ်ပေါ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ အတည်ပြုသည်။
အိုးဘိုထောင်အတွင်း မိနစ်၂၀ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်များက နံနက်ဖြန်နံနက်မှ တောင်းဆိုမှုများကို ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။
ဆန္ဒပြတောင်းဆိုသူများ၏ တောင်းဆိုချက် အသေးစိတ်ကို မသိရသေးသော်လည်း ထောင်တွင်း Covid-19 ကာကွယ်ရေးအတွက်လုံလောက်သော အထောက်အပံ့များ ပေးရန် အချက်တခုပါဝင်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
အိုးဘိုထောင်အတွင်း ချုပ်နှောင်ခြင်းခံရသောသူများထဲမှ ယနေ့တွင် CDMပြုလုပ်ထားသည့် မန္တလေးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင်ငြိမ်းထွန်း ကိုဗစ်ရောဂါဖြင့်ပင်သေဆုံးသွားပြီးနောက် ယခုလို ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် ထောင်တွင်းရှိ အကျဥ်းသား၊ အချုပ်သားများ တောင်းဆိုခဲ့ခြင်းဖြစ်သည်။