ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တတိယအဖွဲ့စည်းများဖြင့် စီစဥ်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
”ကျနော်တို့လည်းမထိုးဘူး ဟိုဘက်ကစကစလည်းမထိုးဘူး ကြားခံအဖွဲ့စည်းအနေနဲ့ဆေးထိုးပေးတာဖြစ်ပါတယ်။ နယ်စပ်ဒေသကနေထိုးပေးဖို့နဲ့ တတိယအဖွဲ့စည်းအနေနှင့် တာဝန်ယူပြီးထိုးဖို့ဖြစ်ပါတယ်။ဒါတွေကိုအသေးစိပ်ဆွေးနွေးနေပါတယ်။ မကြာခင်အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။” ဟုဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နည်းလမ်းနှစ်မျိုးကို ဆွေးနွေးနေပြီး မြန်မာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို ယခုနှစ်မကုန်မီ ထိုးပေးနိုင်ရန် စီစဉ်နေကြောင်း သတင်းစာရှင်းလင်းပွဲ အရသိရသည်။
ထိုးပေးမည့် ကိုဗစ်ကာကွယ်ဆေးများမှာ UN အသိအမှတ်ပြု ဆေးများဖြစ်ပြီး ထိန်းသိမ်းမှုခက်ခဲ့သည့်အတွက်ကြောင့် ဖိုင်ဇာနှင့် မိုဒါနားလိုဆေးများမပါနိုင်သေးကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ သိရသည်။
နိုင်ငံတကာအဖွဲ့စည်းများဖြစ်သည့် UN၊ ယူနီဆက်ဖ်ကဲ့သို့သောနိုင်ငံတကာအဖွဲ့စည်းများမှ တတိယအုပ်စုအနေဖြင့် ကြားနေပြီထိုးနှံခြင်း၊ တိုင်းရင်းသားအဖွဲ့စည်းများမှထိုးနှံပေးခြင်းတို့ကို ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။
ဒေါက်တာ စင်သီယာမောင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ ဦးဆောင်မည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (Covid – 19 Task Force (CTF))ကို ဇူလိုင် ၁၇ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
NUGအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်ကာ တိုင်းရင်းသားနယ်စပ် ဒေသတစ်လျှောက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုဗစ်ကာကွယ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဆောင်ရွက်မှုများရှိနေသော်လည်း လက်တွေ့တွင် ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်သူအမြောက်အများသေဆုံးနေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလတတိယအပတ်မှစတင်ကာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအများအပြားရှိလာပြီး လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြုလူနာ ၂သိန်း၆သောင်းကျော်ရှိနေပြီး သေဆုံးသူ၆,၀၀၀ကျော်ရှိလာပြီဖြစ်သည်။
အများစုမှာ အောက်ဆီဂျင်ကောင်းစွာမရရှိခြင်း၊ ကောင်းမွန်သောကုသမှုမရရှိခြင်းတို့အပြင် အိမ်တွင်းဆေးဝါး စျေးနှုန်းများ အလွန်အမင်းမြင့်တက်နေခြင်း၊ အလွယ်တကူဝယ်ယူရရှိ၍ မရနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် ဆရာဝန်များ၊ သူနာပြုများ ဖမ်းဆီးထိန်းသိမ်းထားခံရခြင်းများနှင့် ပထမလှိုင်းနှင့် ဒုတိယလှိုင်းများကဲ့သို့ ကောင်းမွန်ပြည့်စုံသော ကွာရန်တင်းစင်တာများ မရှိခြင်း၊ စေတနာ့ဝန်ထမ်း များနှင့် အလှူရှင်များ နည်းပါးလာခြင်းတို့ကြောင့် ဖြစ်သည်။