စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်တွင် နေ့စဉ်ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူ၁၀ဦးထက်မနည်းရှိနေကြောင်း သိရသည်။
“ကျနော်တို့မြို့မှာ တနေ့တနေ့ကိုအနိမ့်ဆုံးသေတာ ၁၂ယောက်လောက်ရှိတယ်။ အများစုက ကိုဗစ်ကူးစက်ခံရတယ်။ ပြီးတော့အောက်ဆီဂျင်မလုံလောက်လို့သေဆုံးရတာမျိုးပါ။” ဟု ကလေးမြို့အခြေစိုက်လူမှုကူညီအသင်းတစ်ခုက MPAသို့ပြောသည်။
ကလေးမြို့တွင်နေ့စဉ်သေဆုံးမှုအများအပြားရှိသော်လည်း စစ်တပ်က ကလေးတွင် တစ်ပတ်အတွင်းကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ၁၄ဦးသာရှိကြောင်းသတင်းထုတ်ပြန်ထားသည်။
ကလေးမြို့သည် မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းစတင်ချိန်မှစတင်ပြီး ကိုဗစ်အတည်ပြုလူနာအများအပြားရှိသည့်မြို့တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်တွင် ကိုဗစ်ကြောင့်သေဆုံးသူ၅၀၀နီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။
ကလေးမြို့တွင်ရောဂါကူးစက်မှုမြင့်တက်မှုအခြေအနေနှင့်ပက်သတ်ပြီး စစ်တပ်လက်အောက်ခံ ကျန်းမာရေးဌာန၏တာဝန်ရှိသူဒေါက်တာခင်ခင်ကြီးက ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနသို့သွားရောက်ခြင်းမပြုဘဲ အိမ်တွင်ကြိတ်ကုခြင်းကြောင့်များပြားခဲ့ရခြင်းဖြစ်ကြောင်း MPA၏အင်တာဗျူးတစ်ခုတွင်ပြည်သူများကိုအပြစ်တင်ပြောဆိုခဲ့သည်။
ကလေးမြို့တွင် ကိုဗစ်အတည်ပြုလူနာအများအပြားရှိနေပြီး အောက်ဆီဂျင်လိုအပ်ချက်လည်းအများအပြားရှိနေသည်။ ကလေးမြို့ခံများမှာ ပရဟိတအသင်းများမှလှူဒါန်းသောအောက်ဆီဂျင်နှင့် ဝယ်ယူ၍ရရှိသောအောက်ဆီဂျင်များကိုသာ အဓိကထားအသုံးပြုနေရသည်။ ကလေးဆေးရုံကြီးရှိ အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်များကို တပ်မတော်ဆေးရုံများသို့ သယ်ယူမှုများရှိနေကြောင်းသိရသည်။
လက်ရှိအချိန် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၄၀,၅၇၀ဦးရှိနေပြီး
သေဆုံးသူ၅,၅၆၇ဦးရှိပြီဖြစ်ကြောင်း စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
လတ်တလောတွင်ဆေးကုသမှုကောင်းစွာမရရှိခြင်း၊ အောက်ဆီဂျင်အလုံအလောက်မရရှိခြင်းတို့ကြောင့် ကိုဗစ်ရောဂါဖြင့် သေဆုံးမှုများပြားလာရခြင်းဖြစ်သည်။
Photo-MPA (2020ကရိုက်ကူးထားသော ကိုဗစ်လူနာတစ်ဦးကိုမြေမြုပ်သင်္ဂြိုလ်နေသည့်ပုံဖြစ်ပါသည်)