အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ အနေဖြင့် COVID-19 ကူးစက်ခံရလျှင် ကုသမှုခံယူ၍ မရကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် COVID-19 ကူးစက်မှု ဖြစ်ပွားလျှင် ယင်းတပ်ဖွဲ့ဝင်အား ကွာရန်တင်း စင်တာနှင့် ကုသရေးထားရှိရာ ရဲတပ်ရင်းများသို့ ပို့ဆောင် ကုသပေးသော်လည်း မိသားစုဝင်များ အနေဖြင့် နေအိမ်တွင်သာ ကွာရန်တင်းဖြင့် ကုသခွင့်ပြုကြောင်း သိရသည်။
“ သူ့အမျိုးသားက Positive ဖြစ်လို့ ကွာရန်တင်းထားတဲ့ ရဲတပ်ရင်းကိုတော့ ပို့ပြီး ကုပေးနေတယ်။ ကျန်တဲ့ မိန်းမမှာတော့ positive ထပ်တွေ့တယ်။ ကလေးမှာတော့ မတွေ့ဘူး။ အဲ့ဒီ မိသားစုကို ဆေးရုံမှာ တက်ပြီး ကုသခွင့်မပေးဘူး။ ကိုယ့်အိမ်မှာ ကိုယ် ဆရာဝန်ခေါ်ပြီး ကုချင်ရင် ကုလို့ရတယ်လို့ ပြောတယ်” ဟု နေပြည်တော် အခြေစိုက် ရဲတပ်ရင်းတခုမှ ရဲတပ်ဖွဲ့ဝင် မိသားစုက MPA သို့ ဆက်သွယ်ပြောဆိုသည်။
COVID-19 ကူးစက်ခံရသည့် ရဲတပ်ဖွဲ့ဝင်များအား ကွာရန်တင်းထားရှိသည့် ရဲတပ်ရင်းများတွင် ကုသမှုပေးနေသော်လည်း ဆေးကုသစားရိတ်မှလွဲလျှင် မိမိစားရိတ်ဖြင့်သာ စားသောက်နေရသည်ဟု ၄င်းက ဆိုသည်။
ယခင် အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ မိသားစုဝင်များ COVID-19 ကူးစက်မှုရှိခဲ့သော်လည်း သင့်တင့်သည့်ကျန်းမာရေး စောင့်ရှောက်မှု ရှိခဲ့ပြီး အခမဲ့ ကွာရန်တင်း စောင့်ကြည့်မှုရှိသည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံအသီးသီးရှိ ရဲစခန်းများ၊ ရဲတပ်ရင်းများ၊ နယ်ခြားစောင့်ရဲများ စသည့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် COVID-19 ကူးစက်ခံရမှု ထောင်နှင့်ချီ ရှိနေပြီး တပ်ဖွဲ့တွင်းသေဆုံးမှုများလည်း မြင့်တက်လျက်ရှိသည်။