By – Kaung Mrat Naing / MPA
ကိုဗစ် တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးလူနာအများဆုံးတွေ့ ရှိနေခဲ့သည့် မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်များကို ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် အကူအညီများ မရရှိသေးကြောင်း စစ်ဘေးရှောင်စခန်းများထံမှ သိရသည်။
“ ဒီတစ်ကြိမ်မှာတော့ ဒီစစ်ဘေးရှောင်စခန်းမှာ ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ၊အသိပညာပေးမှုတွေကတော့ ခုချိန်ထိဘာမှတော့ မရသေးပါဘူး” ဟု ဘူးသီးတောင်မြို့ပေါ်ရှိ ဂန္ဓာရီကျောင်းစစ်ဘေးရှောင်စခန်း၏ ကျောင်းထိုင် ဆရာတော်က မိန့်ကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၁၀၀၀ ခန့်ရှိလာပြီး မောင်တောခရိုင်အတွင်းတွင် ပိုးတွေ့လူနာ ၃၀၀ကျော်၊သေဆုံးသူ ငါး ဦးနှင့် အများဆုံးအဖြစ်ရှိနေပြီဖြစ်သည်။
“ ဒီနေ့ထိတော့ ဘာမှလာပေးတာတွေမရှိသေးပါဘူး။အသိပညာပေးမှုတွေလာလုပ်တာတွေလည်း မရှိသေးပါဘူး။ဒီမှာတော့ တချို့က ကိုယ့်အသိစိတ်နဲ့နှာခေါင်းစည်းတပ်နေကြတာတွေတော့ရှိပါတယ်။” ဟု ရန်အောင်မြေကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် ( အေအေ) နှင့် စစ်ကောင်စီတို့ကြားတိုက်ပွဲ များရပ်တန့်နေသော်လည်း စစ်ဘေးရှောင် နှစ်သိန်းနီးပါးမှာ နေရပ်မပြန်နိုင်သေးကြကာ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှာ စစ်ဘေးရှောင် ၉၀၀၀ နီးပါး ခိုလှုံနေရသည်။