By MPA (အယ်ဒီတာ့ အာဘော်)
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် ၇၀ ခန့်က မြန်မာပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်စေရေး အတွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့ကြီး ၏ “သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေး” မူ ရှိခဲ့ကြောင်း အများသိပြီး ဖြစ်မည်ဟု ထင်ပါသည်။
လွတ်လပ်ရေးနှင့် အတူ မွေးဖွားလာသည်ဟု ဆိုရမည့် ထိုအချိန်က အစိုးရ နှင့် သူပုန်များ တိုက်ခိုက်နေသည့် ပြည်တွင်းစစ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခများ၏ ဘေးဒုက္ခဒဏ်ကို မြန်မာ ပြည်သူလူထုက ခါးစည်းခံစားနေကြရပါသည်။
တဖက်မှာလည်း တရုတ်ဖြူ ကျူးကျော်စစ် ပြဿနာလည်း ရှိနေပါသည်။
ထိုသို့သော ဘေးဒုက္ခ ဒဏ်များကနေ လွတ်မြောက်နိုင်ရေး အတွက်ဟု ဆိုကာ ဖဆပလ ခေတ် ၁၉၅၀ ကျော် ကာလမှာပဲ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများလည်း ရှိလာခဲ့ပါသည်။
အဓိကကတော့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဟု ဆိုကာ ငြိမ်းချမ်းရေးမူ အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
လက်နက်ကိုင် တော်လှန်နေကြသူများ၏ တွေ့ဆုံ ဆွေးနွေးရေး ငြိမ်းချမ်းရေးမူ။
ဝန်ကြီးချုပ် ဦးနု ၏ လက်နက်ချ ဝင်လာခဲ့ကြပါ ဆိုသော ငြိမ်းချမ်းရေးမူ။
ထိုအချိန်က အစိုးရ ၏ ဘယ်တော့မျှ မစေ့စပ်၊ အပြုတ်တိုက်မည် ဆိုသော ငြိမ်းချမ်းရေးမူ။
ရဲဘော် ချမ်းအေး ၏ လက်နက် နှင့် ဒီမိုကရေစီကို လဲလှယ်ကြပါ ဆိုသော ငြိမ်းချမ်းရေးမူ။
ဗိုလ်လကျာ် ၏ “ဦးနု၏ လွတ်ငြိမ်းချမ်းသာခွင့်မူကို အခွင့်အရေးယူ၍ လက်နက်ချ ဝင်လာခဲ့ကြပါ” ဆိုသော ငြိမ်းချမ်းရေး မူများ ဖြစ်ပါသည်။
ထို့ပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ “သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေး” မူ ဖြစ်ပါသည်။
ထိုအချိန်က ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ထဲထဲဝင် ပါဝင်ဆောင်ရွက်ခဲ့သော စာရေးဆရာကြီး ဗန်းမော် တင်အောင်က သူမနာ ကိုယ်မနာ သင်ပုန်းချေ ငြိမ်းချမ်းရေး မူသည် လက်နက် ချခိုင်းသော မူ နှင့် တွေ့ဆုံဆွေးနွေးရေး မူ နှစ်မူအား နှစ်ဦးနှစ်ဖက်စလုံးက လက်ခံလာရန် ဖျန်ဖြေသော ငြိမ်းချမ်းရေးမူ ဖြစ်သည့်အတွက် ထောက်ခံခဲ့ကြောင်း မှတ်သားရဖူး ပါသည်။
သို့သော်လည်း ယနေ့အချိန်အထိ ငြိမ်းချမ်းရေး အသီးအပွင့်များကို မြန်မာ ပြည်သူများ မခံစားကြရသေးပါ။
ယခုလည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက်ဟု ဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) များကို နေပြည်တော်သို့ ဖိတ်ခေါ် တွေ့ဆုံနေပါသည်။
တွေ့ဆုံမည့် အဖွဲ့များမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသည့် ၇ ဖွဲ့နဲ့ မထိုးရေသေးသည့် ၃ ဖွဲ့၊ ပေါင်း ၁၀ ဖွဲ့ တွေ့ရန် ရှိကြောင်း သိရသည်။
လက်မှတ် ထိုးပြီးသား ၇ ဖွဲ့မှာ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်သည်။
မထိုးရသေးသည့် ၃ ဖွဲ့မှာ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား အဖွဲ့ (NDAA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့ ဖြစ်ပါသည်။
စစ်ကောင်စီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံမည့် အဖွဲ့များတွင် အင်အားကြီး ဝါရင့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မပါဝင်ခြင်းကို တွေ့ရှိရသည်။
ကန့်သတ် ဖိတ်ကြားမှုပုံစံနှင့် သက်ဆိုင် ပတ်သက်သူများ ပါဝင်နိုင်ခြင်း မရှိသောကြောင့်ဟု ဆိုကာ KNU က ငြင်းပယ် ထားပြီး KIO ကလည်း ပါဝင်သင့်သူ အားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်းနှင့် နိုင်ငံ၏ အရေးအရာများကို တန်းတူ ဆွေးနွေး အဖြေရှာမည် ဟူသော သဘောထား မပါရှိသည်ကို တွေ့ရှိရသောကြောင့်ဟု ဆိုကာ ငြင်းပယ်ထားပါသည်။
တခြားသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) အဖွဲ့များကလည်း မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ငြင်းပယ်ထားကြ သေးသည်။
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ကိုးကန့် အဖွဲ့ MNDAA အဖွဲ့များကလည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း တက်ရောက်ရန် မရှိကြောင်း သိရပါသည်။
ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကိုတော့ အကြမ်းဖက်အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည် မဟုတ်ကြောင်း ထုတ်ပြောထားပါတယ်။
ယခုဆွေးနွေးပွဲကို တစ်ဖွဲ့ချင်းစီ သီးခြား တွေ့ဆုံခြင်း ပုံစံ ဖြစ်သည်။ တစ်ဖွဲ့ချင်းကို ထိန်းချုပ် ကိုင်တွယ်နိုင်ရန် ဖြစ်သည်ဟုလည်း ယူဆရပါသည်။
ယခုရက်ပိုင်းအတွင်း RCSS၊ NMSP နဲ့ KNU/KNLA-PC တို့ကို တွေ့ဆုံခဲ့ပြီးလည်း ဖြစ်သည်။
တွေ့ဆုံပြီးသမျှတွင် ပါတီစုံ ဒီမိုကရေစီ စနစ် ကျင့်သုံးဆောင်ရွက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ သက်ဆိုင်ရာ ပြည်နယ် ဖွဲ့စည်းပုံ အခြခံ ဥပဒေ ရေးဆွဲခွင့်၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ အချိန်ဇယားကို စနစ်တကျ ရေးဆွဲ ဆောင်ရွက်သွားမည့် အခြေအနေ၊ ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ အမြင်၊ ပြည်ထောင်စု သဘောတူ စာချုပ်ပါ အချက် တချို့ကို ဆွေးနွေးကြည်သည်ဟု ဆိုပါသည်။ အသေးစိတ် ထုတ်ပြန်ခြင်းတော့ မရှိပါ။
RCSS ကတော့ ယုံကြည်မှု တည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
တစ်ဖွဲ့ကို ၂ ရက်၊ ၃ ရက်ခန့် နေထိုင် ဆွေးနွေးပြီးစီးသည့်နောက် ဓာတ်ပုံ တွဲရိုက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ပြန်လွှတ်လိုက်ပါသည်။
စိန်ရတု ပြည်ထောင်စုနေ့ စာအုပ်၊ မြန်မာ့ စွယ်စုံကျမ်း၊ မှတ်တမ်းစာအုပ် တချို့နဲ့ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ ဖော်ပြထားသည်။
လက်ဆောင် ပစ္စည်းကိုတော့ မသိရ။
ယခင်က ကားပါမစ်များ ပေးခဲ့ဖူးသည်ကိုတော့ အမှတ်ရမိသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အခြေခံ အကျဆုံး အချက်သည် အပစ်အခတ် ရပ်စဲရေး နှင့် ယုံကြည်မှု တည်ဆောက်ရေး ဆိုသည်ကို အများသိပြီး ဖြစ်ပါသည်။
ယုံကြည်မှု တည်ဆောက်ရေးသည် မရှိမဖြစ်သောကြောင့် စစ်ကောင်စီ အနေဖြင့် စစ်ပွဲများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်မှုများ၊ ရပ်ရွာများကို မီးရှို့ ဖျက်ဆီးမှု၊ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု၊ ဗုံးကြဲ တိုက်ခိုက်ခြင်းများနဲ့ လေကြောင်း အသုံးပြု တိုက်ခိုက်မှုများ ရပ်တန့်ရမည် ဖြစ်ကြောင်း KNU က တောင်းဆိုထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင်း ထွက်ပြေး တိမ်းရှောင်နေရသော ကရင် စစ်ဘေးရှောင် ၁ သိန်း ၇ သောင်းကျော် ရှိကြောင်းလည်း သိရပါသည်။
မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကြမ်းဖက် စစ်တပ်ကမူ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်ကြောင်း နှင့် နှစ်ကုန်အထိ တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ထားသည်။
သို့သော် ရန်ကုန်၊ မန္တလေး ကဲ့သို့ မြို့ကြီးများနှင့် ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့က အရပ်သား ပြည်သူများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေးများအား မင်းအောင်လှိုင် လက်အောက်ခံ စစ်တပ်ကပင် ပြုလုပ်လျက် ရှိပါသည်။
ရခိုင်တွင်လည်း လတ်တလော ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ရေး တင်းမာမှုများ ရှိနေသည်။
ဤအခြေအနေသည် ယုံကြည်မှု တည်ဆောက်ရန် မပြောနှင့် ရှိပြီးသား ယုံကြည်မှုပင် ပျက်ပြားစေသည့် အခြေအနေမျိုး မဟုတ်ပါလား။
နိုင်ငံတဝန်း ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ပုံဖော် တည်ဆောက်နိုင်ပါမည်လဲ။
ထို့ပြင် နေအိမ် ၄ လုံးခန့် ပိုင်ဆိုင်သည် ဆိုသော မင်းအောင်လှိုင်နှင့် ၎င်းတို့ စစ်အုပ်စု၏ အကျိုးစီးပွားများ ကာကွယ်ရန်၊ အနာဂတ် အာမခံချက်များ ရှိရန် အတွက် တခြားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အသုံးချ ချေမှုန်းခဲ့သည့် သာဓကများလည်း ရှိခဲ့ပါသည်။
ယခု မင်းအောင်လှိုင် ခေါ်ယူတွေ့ဆုံသည် ဆိုသော တိုင်းရင်းသား အဖွဲ့များသည်လည်း UWSA နှင့် RCSS က လွဲလျှင် အားမကောင်းသော အဖွဲ့က အများစု ဖြစ်ပြီး အိတ်ထဲက ဖားကို ထုတ်ရိုက်ခြင်းမျိုးလည်း ဖြစ်ပါသည်။
တိုင်းရင်းသား အဖွဲ့များသည်လည်း မိမိတို့သည် ခြင်းထဲက ကြက်များ၊ ဝင်းထဲက ဝက်များ ကဲ့သို့ ဖြစ်နေသည်ကို သတိ ရှိသင့်သည်ဟုလည်း ဆိုချင်ပါသည်။
ယင်းအခြေအနေမျိုး ရှိနေသည့် မင်းအောင်လှိုင် ခေါ်ယူတွေဆုံသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အသုံးချခံ သက်သက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ သူမနာ ကိုယ်မနာ ဟန်ပြ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသာ ဖြစ်သည်ဟု ပြောဆိုလိုက်ရပါသည်။ ။