၂၀၂၃ခုနှစ် ပထမ၆လတာကို မကွယ်မဝှက် ကိုယ့်ဘက်ကိုယ်မယက်ဘဲ အဂတိကင်းသော တရားသူ ကြီးပမာ အဖြစ်မှန်အတိုင်း ကြည့်လိုက်လျှင် ဒဏ်ရာကိုလက်ဖြင့်ကွယ်ထားပြီး အံတင်းတင်းကြိတ်နေသည့် စစ်ဗိုလ်ချုပ်တို့၏ ရုပ်ပျက်ဆင်းပျက်မျက်နှာအား သေချာပေါက်မြင်ရပေမည်။
နေပြည်တော်နှင့် လက်တစ်ကမ်းအကွာတွင်ရှိနေသော ကရင်နီဒေသ၌ ၂၀၂၂ခုနှစ်ကတည်းက မျက်ဖြူဆိုက်နေသော စစ်ကောင်စီတပ်မှာ ၂၀၂၃ခုနှစ်သို့ရောက်သောအခါ လေကြောင်းပစ်ကူနှင့်လက်နက် ကြီးကျည် ဒီတက်သလို အလုံးအရင်းဖြင့် ဝုန်းဒိုင်းကြဲကူခဲ့သည့်တိုင် အရှုံးပေါ် အရှုံးထပ်ဆင့်ရပြန်သည်။
မင်းအောင်လှိုင်နှင့်လက်တစ်ဆုပ်စာစစ်ဗိုလ်ချုပ်၏ အရူးမီးဝိုင်းအာဏာအတွက် ထမင်းနပ်မမှန်၊အ ငတ်ငတ်အပြတ်ပြတ် နားရက်ရယ်မရှိ ကျီးလန့်စာစား စိတ်ဓာတ်ပြိုဆင်းနေပြီဖြစ်သော စစ်ကောင်စီတပ်တို့ မှာ သူတင်၊ကိုယ်တင် မြေပြင်တိုက်ပွဲများတွင် မည်သည့်အရပ်ဒေသမှာမှ မယှဉ်နိုင်။လေကြောင်းတိုက်ခိုက်မှု နှင့်လက်နက်ကြီးဖြင့် တာဝေး ပစ်ခတ်နိုင်စွမ်းမှလွဲ၍ အရာရာသည် သုညမှ နောက်တစ်လှမ်းထပ်ဆုတ်၊အနှုတ် သို့ရောက်ရန် ခြေလှမ်းပြင်လာရပြီဖြစ်သည်။
စစ်ကောင်စီတပ်တို့သည် မြို့များစွာ၏ မြို့ပရဝဏ်ကျဉ်းကျဉ်းလေးတွင်သာ ကတုတ်ကျင်းနိုင်နိုင်တူး ကာ ကြီးကျယ်ခမ်းနားသောအာဏာ ဆုပ်ကိုင်ထားသယောင် ဟန်လုပ်နေရပြီး ကျေးလက်ဒေသတခွင် စိုးမိုး နိုင် ခြင်းမရှိတော့သည်မှာလည်း ယခု၆လတာအတွင်း ပို၍မြင်သာလာခဲ့သည်။
တော်လှန်ရေးအင်အားစုများက ကျေးလက်လမ်းများတင်မက လမ်းမကြီးများပေါ်သို့ အာဏာစက် ဖြန့်ကျက်လာခဲ့သည်။ မွန်ပြည်နယ်၊ရေးမြိုနှင့် သံဖြူဇရပ်မြိုကြားရှိ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမ၊ အမှတ် (၈) လမ်းမကြီးပေါ် တော်လှန်ရေး အင်အားစုက လုံခြုံရေးယူ စစ်ဆေးနေသော ပုံရိပ်များ ပြည်သူ့ပ လက်ဖောင်း ဖေ့စ်ဘွတ်ကွန်ရက်ပေါ် တက်လာခြင်းမှာ စစ်ကောင်စီတပ်၏ဆုတ်ယုတ်လာမှု အမှတ်အသား များဟု ပြည်သူတို့ ပြတ်ပြတ်ယုံလိုက်ကြသည်။
ယခု၆လတာ စီးပွားရေးမျက်နှာစာကို ကြည့်ဦးမလား။ဆိုးသထက်ဆိုးလာသော စီးပွားပျက်ကပ်ဒဏ် ကို ပြည်သူတို့ခမျာ လိမ့်နေအောင်ခံနေရသလို ပြည်သူသတ်လက်နက်ဝယ်ယူရေးအတွက် ဒေါ်လာဝင်လမ်း ပါးလျလာသဖြင့် စစ်ကောင်စီ၏လည်မျိုမှာလည်း တဖြည်းဖြည်း အစ်လာခဲ့ပြီဖြစ်သည်။
အနောက်အုပ်စု၏ ပိတ်ဆို့မှုကြောင့် အမေရိကန်ဒေါ်လာသန်း၅၀၀ ပြည်ပတွင် ပိတ်မိနေခြင်းနှင့် နိုင် ငံ ခြားသုံးငွေဆိုင်ရာ အရေးပါလှသောစစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ် မှု ဘဏ် (MFTB)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန် ပြည်ထောင် စုက ပိတ်ဆို့အရေးယူလိုက်ခြင်းတို့မှာ စစ်ကောင်စီအတွက် ချက်ချင်းဆိုသလို ငရဲပွက်ခဲ့ရသည်။
မလုပ်ရဲတာ ဘာမှမရှိဟု မိုက်မိုက်ကန်းကန်းကြွေးကြော်ကာ မည်သူ့ကိုမျှ ဂရုမစိုက်ချင်ယောင် ဆောင်ခဲ့သော မင်းအောင်လှိုင်ခမျာ ထိုဘဏ်၂ဘဏ်ပိတ်ဆို့ခံရပြီး မကြာမီမှာပင် နိုင်ငံခြားငွေ သုံးစွဲမရသည့် အ ပေါ် ညည်းတွားလာသည်မှာ စစ်ကောင်စီစီးပွားရေး ဟက်တက်ကွဲလာနေကြောင်း ဖော်ပြနေပေသည်။
ယခု၆လတာအတွင်း ဒေသတွင်းနှင့်နိုင်ငံတကာအသိုင်းအဝိုင်း၏ သံတမန်ရေးဖိအားမှာမူ ထူးခြားမှုမ ရှိရုံတင်မက မြန်မာ့အရေး ကျယ်ကျယ်လောင်လောင် ပြောဆိုသံများပင် တိတ်ခဲ့သည်။အာဆီယံအလှည့်ကျဥ က္ကဌ အင်ဒိုနီးရှားနိုင်ငံ၏ မြန်မာ့အရေး အသံတိတ်ချဉ်းကပ်မှုမှာ မြန်မာ့အရေးအသံပျောက်ဆုံးလုနီး အထိ ပြောဆိုစရာမဲ့ကာ အာဆီယံဘုံသဘောတူညီချက်၅ရပ်သည်လည်း ဂျကာတာတွင်ပင် သောင်တင်နေခဲ့ပြီဖြစ် သည်။
အသံသာကျယ်ပြီး အဆန်မရှိသော ကုလသမဂ္ဂကြီးမှာလည်း စစ်ကောင်စီ၏ ကြောက်မယ်ဖွယ်ရာဇဝတ်များကို မျက်တောင်မခတ် ကြည့်နေပြီး ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်မပျက် ပင်ဖြစ်သည်။
၆လတာအတွင်း တော်လှန်ရေးအရှိန်အဟုန်ကို လျော့ပါးစေသော အရေးကြီးအကြောင်းရင်းမှာ စစ် ကောင်စီတပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် အိုးအိမ်မဲ့ပြည်သူများပြားလာခြင်း၊စစ်ရှောင်ပြည်သူများပြားလာခြင်း နှင့် ပြည်သူတို့၏စီးပွားရေးဘဝ အကျပ်ဆိုက်လာခြင်းတို့ပင်ဖြစ်သည်။မြန်မာပြည်သူတို့မှာ စစ်ကောင်စီလက် ချက်ကြောင့် လောကဓံပေါင်းများစွာဖြင့် ဒုက္ခပင်လယ်ဝေနေသည့်တိုင် နွေဦးတော်လှန်ရေးစိတ်ဓာတ်မှာ ယိုင် နဲ့သွားခြင်းမရှိသော်လည်း တော်လှန်ရေးရန်ပုံငွေထည့်ဝင်နိုင်စွမ်း ကျဆင်းသွားသည်မှာသေချာ၏။ထို့ကြောင့် ယင်းအပေါ်မည်သို့ဖာထေးကုစားကြမလဲဆိုသည်ကို တပ်ဦးခေါင်းဆောင်များ အရေးတကြီးခေါင်းချင်းဆိုင်ကြ ရန်လိုပေမည်။
မည်သို့ပင်ဆိုစေ၊ကိုယ့်လက်၊ကိုယ်ခြေ၊ကိုယ့်အသက်၊ကိုယ့်ငွေဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့သော နွေဦး တော်လှန်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်တွေ့ကျသောအကူအညီကင်းမဲ့မှုအရ ကိုယ့်အားကိုယ့်ကိုး စိတ်ဓာတ်ဖြင့် ဆက်လက်ချွန်းဖွင့်ကာ ဒီမိုကရေစီမုခ်ဦးဆီသို့ရောက်အောင် သွားရန်ကလွဲ၍ မြန်မာပြည်သူ များတွင် အခြားရွေးချယ်စရာမရှိဟု ယုံကြည်ပါသည်။ကျွန်ုပ်တို့ ပြည်သူ-ပြည်သူချင်း ဖေးမကာ ဆက်လက် တောင့်ခံကြရန်မှာ ပစ္စက္ခတော်လှန်ရေး၏ အရေးတကြီးတောင်းဆိုနေမှုလည်း ဖြစ်သည်။