စစ်ကိုင်းတိုင်း ဒီပဲယင်း သာသနာ့ နယ်မြေရှိ စာသင်ကျောင်းကလေး တစ်ကျောင်းက အပြစ်မဲ့ ကလေးငယ်လေးများကို အကြမ်းဖက်စစ်တပ်က အင်အား အလွန်အကျွံသုံး သတ်ဖြတ်ခဲ့သည့် လုပ်ရပ်သည် ကမ္ဘာတဝန်း ပျံ့နှံ့နေသော်လည်း တရားမျှတမှု အရိပ်အယောင်ကို မတွေ့ရှိရသေးပါ။
ဒီပဲယင်း မြို့နယ် လက်ယက်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းက ကလေးငယ် ၂၀၀ ခန့် စာသင်ကြားနေသည့် ကျောင်းကလေးကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ရုရှားလုပ် Mi 35 ရဟတ်ယာဉ် ၂ စင်းနှင့် ၁ နာရီခန့် ပစ်ခတ်ခဲ့သော လူမဆန်သည့် လုပ်ရပ်ကို မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရသူများက ဓာတ်ပုံများနှင့် တကွ မီဒီယာများကနေ သက်သေခံ ဖွင့်ချထားပါသည်။
ထိုသို့ ရက်စက် ကြမ်းကြုတ်စွာ အင်အားသုံး ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ကျောင်းဝင်းအတွင်းမှ ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ကလေးငယ် ၉ ဦးနှင့် လူကြီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။
လေကြောင်းမှ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်သားများက စာသင်ကျောင်းကလေးဆီ ရောက်ရှိလာပြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထပ်မံ သေဆုံးရသည့် အတွက် ကလေး ၁၁ ဦး သေဆုံးခဲ့ရကြောင်းလည်း သတင်းများတွင် ဖော်ပြခဲ့ကြပါသည်။
အဆိုပါ ဖြစ်ရပ်ဆိုးကနေ အသက်ရှင် လွတ်မြောက်လာသည့် စေတနာ့ ဝန်ထမ်း ဆရာမ တစ်ဦးကလည်း“တရစပ် တရစပ် ပစ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ နောက်ထပ် စက်သေနတ်တွေနဲ့ ပစ်တယ်၊ တန်းပြီးတော့ ဆွဲပစ်တာ၊ ၁ နာရီလောက် ကြာတယ်၊ အဲဒါလည်းပြီးရော ခြင်းကြားတွေနဲ့ စစ်သားတွေ၊ သေနတ်တွေ ပစ်ပြီးတော့ ဝင်ချလာကြတာ၊ အကုန် ခေါင်းငုံ့ထား၊ မဖော်နဲ့ ခေါင်းမော့ရင် ပစ်သတ်လိုက်မှာဆိုလို့ ကျမတို့လည်း ခေါင်းငုံ့နေရတယ်”ဟု မီဒီယာကို ပြောပြသည်။
ထို့နောက် တာဝန်ရှိသူ တချို့ ကျောင်းထဲရောက်လာကာ ကြည့်ရှုလိုက်ပြီး “ဟာကလေးတွေ၊ မှားပြီ” ဟု ပြောသွားကြောင်း လည်း စေတနာ့ ဝန်ထမ်း ဆရာမ က ထည့်သွင်းပြောဆိုပါသည်။
သေဆုံး ဒဏ်ရာရ ကလေးငယ်များထဲက အသက် ၇ နှစ် အရွယ်ရှိ မောင်ဘုန်းတေဇ ဆိုသော ကလေးငယ်မှာ အောက်ပိုင်း တစ်ပိုင်းလုံး ရစရာမရှိအောင် ထိမှန်ထားသည့် အတွက် မချိမဆံ့ ဝေဒနာ ခံစားနေရသောကြောင့် သူ့ကို သတ်ပေးရန်ပင် တောင်းဆိုခဲ့ကြောင်းလည်း ဆရာမက ပြောပါသည်။
“နာလွန်းလို့ မေမေရာ သားသားကို သတ်လိုက်ပါ မေမေရာတဲ့…ကလေးက တအားအော်ပြီးတော့ သူ့ကို သတ်ခိုင်းတယ်။ သားမနေနိုင်လို့ပါဗျာ၊ သတ်ပါဗျာတဲ့”ဟု ရင်နာစရာ အဖြစ်ဆိုးကို ပြန်ပြောပြပါသည်။
စာသင်ကျောင်းကလေး၏ အမိုးများ ပွင့်လန်ကာ ပျက်စီးသွားပြီး ပန်ကာများ၊ မျက်နှာကျက်များ၊ ကြမ်းပြင်များ၊ စာအုပ်များနှင့် ကျောင်းလွယ်အိတ်ကလေးများတွင် သွေးများ စွန်းထင်းနေကြသည့် ဓာတ်ပုံ မှတ်တမ်းများကိုလည်း တွေ့မြင်ရပါသည်။
အကြမ်းဖက် စစ်တပ်က ၎င်းတို့ ပစ်ခတ်၍ သေဆုံးသွားသည့် ကလေးများ၏ ရုပ်အလောင်းများအား သဲလွန်စ ကျန်ရစ်မည်ကို မလိုလားသည့် အတွက် မိဘများထံ ပြန်လည် မပေးအပ်ဘဲ နောက်တစ်နေ့ နံနက်တွင် ၁၀ မိုင်ကျော် ဝေးသော ရေဦးမြို့ သုသာန်မှာ မီးသဂြိုၤဟ်ပစ်လိုက်ပါသည်။
ဒဏ်ရာရနေသော ကလေးငယ် ၁၅ ဦးခန့် နှင့် ဆရာ ၃ ဦးကို ဆေးကုပေးမည်ဟု ဆိုပြီးတော့လည်း ခေါ်ဆောင်သွားကာ ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရပါသည်။ အမှန်တကယ်မှာ ဖမ်းဆီးသွားခြင်းပင် ဖြစ်ပါသည်။
ထိုသို့ သေနတ်ပြောင်း လှည့်ခွင့်မရှိသည့် အရပ်သား ပစ်မှတ် စာသင်ကျောင်း နှင့် အပြစ်မဲ့ ကလေးငယ်များကို ရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ UNCEF ၊ Save the Children နှင့် လူ့အခွင့်အရေး အဖွဲ့များ အပါအဝင် နိုင်ငံတကာကလည်း ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့ကြပါသည်။
သို့သော် စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဆိုသူက အဆိုပါ လက်ယက်ကုန်း စာသင်ကျောင်းထဲတွင် KIA နှင့် PDF များ ခိုအောင်းနေပြီး စတင် တိုက်ခိုက်၍ ၎င်းတို့က ပစ်ခတ် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း၊ KIA နှင့် PDF များက ဒေသခံ ရွာသားများကို လူသားဒိုင်း အဖြစ် အသုံးပြုနေခြင်း ဖြစ်ကြောင်း မျက်နှာပြောင်တိုက်ကာ လွှဲချ ပြောဆိုသွားပါသည်။
အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ၎င်းတို့ စစ်တပ်က လက်နက်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို မည်သည့် အခါမှ ကျူးလွန်ခြင်း မရှိကြောင်း၊ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက ပါဝင် လက်မှတ် ရေးထိုးခဲ့သည့် ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူညီချက် နှင့် အညီ ကလေးသူငယ်များ အခွင့်အရေးကို ကာကွယ်ပေးရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ပါရှိသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း ကလေးသူငယ်များ လုံခြုံရေးကို အစဉ် အလေးထားလျက် ရှိကြောင်း မိုးလုံးပြည့် မုသာဝါဒများကို ထုတ်ပြန်ထားပါသေးသည်။
စက်တင်ဘာ ၁၆ ရက်နေ့ကပင် ရှမ်းနှင့် ကယား အစပ် မိုးဗြဲမြို့မှာလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ခိုလှုံနေသည့် အသက် ၆ နှစ်နှင့် ၁၀ နှစ်အရွယ် ညီအစ်မ ၂ ဦး အကြမ်းဖက် စစ်တပ်က အမြောက်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုလည်း ဖြစ်ပွားခဲ့ပါသည်။
အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ခွဲကြာ ကာလအတွင်း ကလေးငယ် အနည်းဆုံး ၃၈၂ ဦး သတ်ဖြတ် ခံရကြောင်း၊ သို့မဟုတ် မစွမ်းမသန် ဖြစ်လောက်အောင် ထိခိုက်ဒဏ်ရာရကြောင်း၊ ၁,၄၀၀ ကျော် အငြင်းပွားဖွယ် ဖမ်းဆီး ခံရကြောင်း၊ ၁၄၂ ဦးမှာ ညှဉ်းပန်း နှိပ်စက်ခံရကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူး အစီရင်ခံစာ တင်သွင်းသူက ပြီးခဲ့တဲ့ ဇွန်လက တင်သွင်းသည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် လပိုင်းအတွင်း နိုင်ငံတဝန်းတွင် ၅ နှစ်၊ ၆ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်၊ ၁၁ နှစ်၊ ၁၂ နှစ်၊ ၁၃ နှစ် အရွယ် စသည့် ကလေးငယ်များသည် အကြမ်းဖက် စစ်တပ်၏ သေနတ်၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ် ခံရမှု၊ လေကြောင်းမှ ပစ်ခတ် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြရပါသည်။
စက်တင်ဘာ ၂၂ ရက်ကလည်း ကချင်ပြည်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာမှာ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၂ နှစ်အရွယ် မောင်ဇွဲနိုင်ဝင်း ဆိုသည့် ကလေး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ခြေထောက် ပြတ်သွားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ထုတ်ပြန်ချက်မှာ တွေ့ရှိရသည်။’
အကြမ်းဖက် စစ်တပ်က မတရား အာဏာ လုယူမှုကို ဆန့်ကျင်ခဲ့ကြသည့် ပြည်သူများ၏ နွေဦးတော်လှန်ရေး ကာလ အတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂၃၀၀ ကျော် ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုသို့ အသက် ခန္ဓာ ဆုံးရှုံးခဲ့ရသည့် ဘဝများစွာ အတွက် တရားမျှတမှု ဘယ်မှာလဲ။ တရားမျှတမှု ရရှိရန် လိုအပ်ပါသည်။
ယခု အကြမ်းဖက် စစ်တပ်၏ လူမဆန်သော ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှုများနှင့် ပတ်သက်ပြီး မည်သို့သော တရားမျှတမှုကို ဖော်ဆောင်နိုင်ပါမလဲ။
ကမ္ဘာကို သိမ်းပိုက်ရန် ကြံသော ဟစ်တလာ ဦးစီးသည့် ဂျာမနီ နာဇီ စစ်ခေါင်းဆောင်များအား ဂျူးလူမျိုး ၆ သန်းကို သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြင့် နျူရင်ဘတ် ခုံရုံးကနေ စီရင်ချက်များချကာ တရားမျှတမှုကို ဖော်ဆောင်ခဲ့ပါသည်။
လွန်ခဲ့သော ဘီစီ ၁၇၅၀ ခန့်က ဘေဘီလုံခေတ် ဟမ်မူရာဘီ ဘုရင်၏ ကိုဓ စည်းမျဉ်း ဥပဒေတွင် (Code of Hammurabi) “မျက်လုံးတစ်လုံး ဆုံးလျှင် မျက်လုံးတစ်လုံးချင်း၊ သွားတစ်ချောင်း ဆုံးလျှင် သွားတစ်ချောင်းချင်း၊ အသက် တစ်ချောင်း ဆုံးလျှင် အသက် တစ်ချောင်းချင်း ပေးလျော်ရမည်”ဟု ပြဌာန်းထားပါသည်။ လက်စားချေခြင်း သဘော သက်ရောက် ပါသည်။
ထို ဟမ်မူရာဘီ ကိုဓ ဥပဒေဖြင့် တရားမျှတမှုကို ဖော်ဆောင်မည် ဆိုလျှင်ပင် လုံလောက်မည် မထင်ပါ။ အကြမ်းဖက် စစ်တပ်ထံက မည်သို့သော တရားမျှတမှုကိုမှ မျှော်လင့်၍ ရမည်လည်း မထင်ပါ။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ အနာဂတ် ပန်းကောင်းကလေးများအား အညွန့်ချိုး သတ်ဖြတ်နေသော အကြမ်းဖက် စစ်တပ်ကို အမြန်ဆုံး အမြစ်ဖြတ်ပစ်ရန်က လွဲပြီး မည်သည့် တရားမျှတမှု နည်းလမ်းမှ ရှိနိုင်မည်လည်း မထင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။