“တိုင်းပြည် သေဒဏ် သင့်နေသဖြင့် ယနေ့ ဘုရားပိတ်သည်” ဆိုသော စာတန်း ရန်ကုန်မြို့က ရွှေတိဂုံဘုရား စောင်းတန်း မုခ်ဦး အဝမှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံ တစ်ပုံ ဇွန်လ ၁၂ ရက် မနက်ပိုင်းမှာ ထွက်ပေါ် လာသည်ကို တွေ့မြင်ရပါသည်။
အဆိုပါ စာတန်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု တစ်ခုအနေနှင့် ရန်ကုန် လူထုသပိတ်က ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ဇွန်လ ၁၃ ရက်နေ့ နယုန်လပြည့်နေ့တွင် ဘုရား စေတီ ပုထိုးများသို့ သွားရောက် ဖူးမြော်ခြင်း မပြုဘဲ ဘုရား ရင်ပြင်တော် ပေါ်မှာ တိတ်ဆိတ် ခြောက်ခြားစေခြင်းဖြင့် စစ်အာဏာရှင်ကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြရန် ပြည်သူများအား တိုက်တွန်း နှိုးဆော်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ယင်း စာတန်းသည် လက်ရှိ မြန်မာ တပြည်လုံး၏ ပကတိ အခြေအနေကို ထင်ဟပ်ပြနေသော စာတန်း ဖြစ်သည်ဟု ဆိုချင်ပါသည်။
မကြာသေးခင်က အကြမ်းဖက် စစ်ကောင်စီကနေ ထင်ရှားသည့် နိုင်ငံရေးသမားများ ဖြစ်သော ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ဦးကို သေဏ်ပေးရန် အတည်ပြုကြောင်း ထုတ်ပြန် ပြောဆိုပြီးနောက် ဖြစ်ပေါ်လာသည့် ဂယက်လှိုင်း တစ်ခုလည်း ဖြစ်ပါသည်။
ယခုကဲ့သို့ သေဒဏ် ပေးမည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကန့်ကွက် ရှုတ်ချမှုများလည်း ရှိနေပါသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်းကြီးချုပ် ဟွန်ဆန်ကလည်း သေဒဏ် စီရင်မိန့်ကို ပြန်လည် စဉ်းစားရန် မြန်မာ အကြမ်းဖက် စစ်ကောင်စီအား တိုက်တွန်းထားသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုဂျင်မီနှင့် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သော ကိုဖြိုးဇေယျာသော်တို့ကို ရန်ကုန်မြို့တွင် လက်နက်များနှင့် အတူ ဖမ်းဆီးလိုက်ပြီးနောက် လုပ်ကြံ သတ်ဖြတ်မှု များကို ကြိုးကိုင် စီစဉ်ခဲ့သူများဟု စွပ်စွဲပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
အခြားသော ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် ဆိုသူတို့ကိုလည်း လှိုင်သာယာ မြို့နယ်တွင် အမျိုးသမီး တစ်ဦးအား ဒလန်ဟု ဆိုပြီး စွပ်စွဲ သတ်ဖြတ်ရာတွင် ပါဝင်မှုဖြင့် စစ်ခုံရုံးက သေဒဏ် ချခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ သေဒဏ်ချခံရသူ ၄ ဦးစလုံးသည် ရှေ့နေ ငှားရမ်းခွင့်၊ ခုခံချေပခွင့် အခွင့်အရေးများ မရခဲ့ကြဘဲ တဖက်သတ် စွပ်စွဲကာ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။
ထိုသို့သော သေဒဏ် အတည်ပြုချက်သည် လွတ်လပ် တရားမျှတမှု ကင်းမဲ့ပြီး တည်ဆဲဥပဒေ၊ စီရင်ထုံးများနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် နိုင်ငံတကာ ဥပဒေ၊ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်းလည်း ဥပဒေ ကျွမ်းကျင်သူများက ပြောဆိုကြပါသည်။
သေဒဏ်ကို အင်္ဂလိပ်ဘာသာဖြင့် Capital punishment ဟု သုံးနှုန်းလေ့ ရှိကြောင်း သိရပါသည်။
ကမ္ဘာမှာ သေဒဏ် ကျင့်သုံးသော နိုင်ငံ ၅၈ နိုင်ငံသာရှိပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံက တရားဝင် ပယ်ဖျက်ပြီး ဖြစ်ကြောင်း မှတ်တမ်းများ ရှိပါသည်။
ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများတွင်လည်း ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပြဋ္ဌာန်းချက်မှာ သေဒဏ်ပေးခြင်းကို တားမြစ်ထားသည်ဟု ဆိုပါသည်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် (၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၀) တကမ္ဘာလုံး အတိုင်းအတာနှင့် သေဒဏ်ပေးမှုကို ဖျက်သိမ်းရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရပါသည်။
နိုင်ငံများစွာက လိုက်နာခဲ့ကြသော်လည်း တရုတ်၊ အမေရိကန်၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား နိုင်ငံများက ကန့်ကွက်မဲ ပေးခဲ့ကြသည်ဟု ဆိုပါသည်။
အမေရိကန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့က တခါတရံမှသာ သေဒဏ်ပေးလေ့ ရှိပါသည်။
မြန်မာနိုင်ငံသည်လည်း ကုလသမဂ္ဂ၏ သေဒဏ်ပေးခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင်လည်း သေဒဏ်ပေးခြင်းကို တရားဝင် ဖျက်သိမ်းထားခြင်း မရှိသည့် နိုင်ငံ ဖြစ်ပါသည်။
မြန်မာနိုင်ငံ တဝန်းမှာ ကာလ ကြာမြင့်စွာကပင် များပြားလှသော လူ့အသက်များ၊ ဘဝများသည် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ သတ်ဖြတ် ခံရသကဲ့သို့ သေဆုံးနေခဲ့ကြရပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်ကနေ၊ ၁၉၇၀ ကျော် ကာလ ကျောင်းသား အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ ၁၉၈၈ လူထုအုံကြွမှု ရှစ်လေးလုံး အရေးအခင်း၊ ၂၀၀၇ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် အရေးအခင်းများကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲပြီး ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့် မှတ်တမ်းများစွာ ရှိပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာလည်း စစ်တပ်က မတရား အာဏာသိမ်းလိုက်သည့် အတွက် လက်မခံနိုင်သော ရဟန်းရှင်လူ ကျောင်းသား လူငယ်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကိုလည်း စစ်ကောင်စီဘက်က စတင်ပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲ သတ်ဖြတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး ကဲ့သို့ မြို့ကြီးများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဆန္ဒပြသူများ၏ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ် သတ်ဖြတ်မှုများ၊ နေအိမ်များ အတွင်းအထိ ဝင်ရောက်ပြီး ပစ်ခတ် သတ်ဖြတ်မှုများ အထိကို ကျူးလွန်ခဲ့ပါသည်။
ထိုကဲ့သို့ မတရား စစ်အာဏာသိမ်း အကြမ်းဖက်သူများ၏ လုပ်ရပ်များကို မခံမရပ်နိုင်သည့် ပြည်သူအများက လက်နက်စွဲကိုင် ခုခံစစ်ကို ဆင်နွှဲရာမှ မြို့ပြ တိုက်ပွဲများနှင့် နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ ပေါ်ပေါက်လာရခြင်း မဟုတ်ပါလား။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး လှုပ်ရှားသူများသည် အကြမ်းဖက်သမားများ မဟုတ်ကြပါ။
တရားမဲ့ ရက်စက် ကြမ်းကြုတ်စွာ အင်အားသုံး အနိုင်ကျင့် သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကောင်စီကို ခုခံ တွန်းလှန်သူများသာ ဖြစ်ပါသည်။
သူတို့သည် ဒီမိုကရေစီကို လိုလားသော၊ ယခုထက် ပိုမိုကောင်းမွန်ပြီး အများပြည်သူ အကျိုးရှိရေးကို ဦးတည်သည့် အပြောင်းအလဲကို ဖော်ဆောင်လိုသော သူများသာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရွှေတိဂုံ ဘုရားစောင်းတန်းက စာတန်းကို တွေးကြည့်လျှင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် မြန်မာ တစ်ပြည်လုံး သေဒဏ်ချခံနေရခြင်း ဖြစ်သည်ဟု အဓိပ္ပာယ် ကောက်ယူလိုက်ရပါသည်။ ။