အဖြစ်အပျက်များက လအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း မဟယ်လင်(အမည်လွှဲ)ညအိပ်ရာဝင်တိုင်းထိတ်လန့်မှုကိုခံစားနေရဆဲဖြစ်သည်။ကိုယ်ဝန်ဆောင်ချိန်ကကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များသည် ကလေးမွေးပြီးချိန်အထိ သူ့ကိုခြောက်လှန့်နေဆဲ၊လုံခြုံစိတ်ချရသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း စိတ်ကမလုံခြုံသလိုခံစားနေရဆဲဟု ချင်းတိုင်းရင်းသူတစ်ဦးဖြစ်သည့် မဟယ်လင်ကပြောသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာမှ သားသမီး ၄ ဦး၏မိခင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် မဟယ်လင်သည် ကိုယ်ဝန်ခုနှစ်လတွင် စစ်ကောင်စီတပ်သားများအုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု ကိုခံခဲ့ရသည်။စစ်ကောင်စီတပ်သားသုံးဦးသည် ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်ညတွင် အပ်လွယ်ကျေးရွာအတွင်းလှည့်လည်သွားရောက်ကာ မဟယ်လင်အား အဓမ္မပြုကျင့်ကာ သွေးထွက်သံယိုဖြစ်သည်အထိနှိပ်စက်ခဲ့သည်။
ထို့ပြင် မဟယ်လင်၏အမျိုးသားဖြစ်သူကိုလည်း ကန်ကျောက်ထုထောင်းရိုက်နှက်ခဲ့ပြီး ကလေးငယ်များကိုလည်းသတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။
“ကျမကိုမလုပ်ပါနဲ့လို့တောင်းပန်ပြီးပြောတော့သူတို့(စစ်ကောင်စီတပ်သား)တွေက သူများကိုပြန်ပြောရင်သတ်ပစ်မယ်ဆိုပြီး သေနတ်နဲ့ချိန်တယ်”ဟု မဟယ်လင်ကပြောသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် မဟယ်လင်အား Civic Defense Milita -CDM -Siyin ကလုံခြုံရာနေရာသို့ပို့ဆောင်ပေးခဲ့သည်။ယင်းနောက် ကလေးမွေးဖွားပြီးသည့်တိုင် သူ၏စိတ်ဒဏ်ရာများမပျောက်သေး ။
“ကလေးမွေးပြီးနောက်ပိုင်းဆို အိပ်နေရင်းနဲ့လန့်လန့်ပြီးအော်တာ၊အိပ်တဲ့အချိန်မှာလန့်လန့်နိုးတာပေါ့”ဟု မဟယ်လင်ကသူကြုံတွေ့နေရသည့် အခြေအနေကိုပြောသည်။
နိုဝင်ဘာ ၁၁ ရက်ညတွင်မဟယ်လင်သာမက အပ်လွယ်ရွာနေ အသက် ၂၇ နှစ်အရွယ်မီးနေသည်တစ်ဦးသည်လည်း စစ်ကောင်စီတပ်သားများ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုခံခဲ့ရသည်။
စစ်တပ်ကကျူးလွန်ခဲ့သောမုဒိမ်းမှုများ
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများအပေါ်ပုံစံအမျိုးမျိုးဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့်အနက် အမျိုးသမီးများအား အဓမ္မပြုကျင့်မှုမှာ ၁၅ မှုမှ အမှု ၂၀ အထိရှိကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂထံမှသိရသည်။ ယင်းတို့တွင် အုပ်စုလိုက်အဓမ္မပြုကျင့်မှုများလည်းပါဝင်သည်။ အဆိုပါအရေအတွက်မှာ ယုံကြည်စိတ်ချရသည့်သတင်းဌာနများမှအချက်အလက်များအပေါ်အခြေခံကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်အခြေအနေတွင်မူ ယခုထက်ပိုမိုများနိုင်သည်ဟုဆိုသည်။
ယခုနှစ်ဖေဖော်ဝါရီလအတွင်းက ကလေးမြို့တောင်ပိုင်းရှိချောင်းခွရွာမှ သားအမိသုံးဦးကို စစ်ကောင်စီတပ်များကမီးရှို့သတ်ဖြတ်ခဲ့သည်။အသက် ၄၀ အရွယ်မိခင်၊အသက် ၁၆နှစ်နှင့် ၁၄ နှစ်အရွယ်သမီးငယ်နှစ်ဦးတို့မှာ စစ်ကောင်စီတပ်သားများမဖွယ်မရာပြုလုပ်ပြီးမှ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
ဧပြီလ ၄ ရက်ကလည်း မကွေးတိုင်း ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာမှ သားအဖနှစ်ဦးကို စစ်ကောင်စီတပ်များကဖမ်းဆီးကာ အသက် ၁၄ နှစ်အရွယ်သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ပြီး နှစ်ဦးစလုံးကိုမီးရှို့သတ်ဖြတ်ခဲ့သည်။
မတ်လအတွင်းက စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ယင်းကျေးရွာမှ အမျိုးသမီး သုံးဦးကိုအဓမ္မပြုကျင့်ခဲ့ရာအသက် ၃၀နှင့် ၃၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားသည်ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“အကြမ်းဖက်စစ်ကောင်စီတပ်က ရွာထဲဝင်ပြီးတပ်စွဲချိန်မှာ ပိတ်မိကျန်ရစ်ခဲ့တဲ့အမျိုးသမီးတွေပါ။ ”ဟု ၎င်းကပြောသည်။
မိမနိုင်ဖမနိုင် စစ်တပ်
စစ်ကောင်စီတပ်သားများသည် စစ်မြေပြင်တွင် အရပ်သားပြည်သူများအပေါ်ထင်တိုင်းကြဲနေပြီး ၎င်းတို့၏ခေါင်းဆောင်များကလည်း ယင်းလုပ်ရပ်များအပေါ် အရေးယူမှုမရှိကြောင်း Civic Defense Milita -CDM -Siyin မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“စစ်မြေပြင်မှာမင်းတို့ကြိုက်တာလုပ်တော့ဆိုပြီးလွှတ်ပေးထားတာ၊မှုခင်းပေါင်းစုံနဲ့ မိမနိုင်ဖမနိုင်ပဲ”ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောသည်။
စစ်တပ်အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုများကို ဝန်ခံခဲ့ခြင်းလည်းမရှိသလို တာဝန်ယူတာဝန်ခံမှုရှိရှိ ဖြေရှင်းသည့် ပုံစံမျိုးလည်းမရှိခဲ့ကြောင်း၊ ၎င်းတို့၏အထက်လူကြီးများက ကျူးလွန်ခွင့်ကိုတရားဝင်ပေးထားသည့် သဘောမျိုးဖြစ်နေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၁ မဇူးဇူးကပြောသည်။
“တရားဝင်မုဒိမ်းကျင့်ခွင့်လိုင်စင်ပေးထားတဲ့ စစ်တပ်ကိုကျမတို့အနေနဲ့အနာဂတ်မှာ သေချာ အသွင်ကူးပြောင်းရေးကာလကိုရောက်တဲ့အခါ ပြည်တွင်းဥပဒေနဲ့ကော နိုင်ငံတကာဥပဒေနဲ့ပါ စစ်ဆေးအရေးယူတဲ့ပုံစံမျိုးတွေများကြီးလုပ်ရမှာဖြစ်တယ်”ဟု သူကဆိုသည်။
လက်ရှိတွင်လည်း စစ်တပ်က တောက်လျှောက် ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးတွင်တင်နိုင်ရန်ကြိုးစားနေကြောင်း မဇူးဇူးကပြောသည်။
ကျူးလွန်ခံရသူများ၏စိတ်ဒဏ်ရာ
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအနေဖြင့် စိတ်ပိုင်း၊ရုပ်ပိုင်းနှင့်အခြားသောဖိအားအမျိုးမျိုးကိုရင်ဆိုင်နေရသည့်အပြင် လက်ရှိကာလအတွင်းကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်သည့် အခြေအနေမျိုးမလုပ်ဆောင်နိုင်သဖြင့် ၎င်းတို့၏ စိတ်ဒဏ်ရာပိုပြင်းလိမ့်မည်ဟု မဇူးဇူးကပြောသည်။
“အထူးသဖြင့်ချင်းပြည်နယ်မှာဖြစ်ပွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အဓမ္မပြုကျင့်တာမျိုးတို့ အုပ်စုလိုက်မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတွေဆိုရင် ရုပ်ပိုင်းဆိုင်ရာကိစ္စ တွေပိုလို့တောင်ခံစားရမှာဖြစ်တယ်။ ပြင်ပမှာ ရုပ်ပိုင်းဆိုင်ရာအရ ရတဲ့ဒဏ်ရာတွေကတော့ ဆေးကုယူလို့ရတယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကတော့အချိန်တွေအများကြီးယူရမှာ ဖြစ်တယ်”ဟု သူကဆိုသည်။
အပ်လွယ်ရွာမှ မဟယ်လင်သည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများပျောက်သွားပြီဖြစ်သော်လည်း စိတ်ဒဏ်ရာမပျောက်သေးပေ။စိုးရိမ်ထိတ်လန့်မှုများရှိနေဆဲပင်။
“ကျမလိုပဲတခြားသူတွေခံစားရမှာတအားကြောက်တယ်။နိုင်ငံရေးလည်းအခြေအနေမြန်မြန်ကောင်းစေချင်တယ်”ဟု မဟယ်လင်ကဆိုသည်။
ဘယ်လိုကုစားကြမလဲ
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများအတွက် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း၊အကြမ်းဖက်မှုပပျောက်ရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း ဝိုင်းဝန်းဆောင်ရွက်ရမည့်ကိစ္စ များစွာရှိကြောင်း ၊ ကျန်းမာရေးဆိုင်ရာကိစ္စ ၊လုံခြုံသည့်ပတ်ဝန်းကျင်ကိုဖန်တီးပေးရန်၊စိတ်ပိုင်းဆိုင်ရာကုစားရေးစသည်တို့ကို စနစ်တကျစီမံချက်ချဆောင်ရွက်ရမည်ဖြစ်ကြောင်း မဇူးဇူးကပြောသည်။
ကျူးလွန်ခံရသူအမျိုးသမီးများအနေဖြင့် ပတ်ဝန်းကျင်ကိုရှက်ခြင်း၊ကြောက်ခြင်း၊မိမိကိုယ်ကိုယုံကြည်မှုမရှိတော့ခြင်း၊စိတ်ခံစားချက်အတက်အကျကိုမထိန်းချုပ်နိုင်တော့ခြင်းများဖြစ်ပေါ်တတ်ပြီး အချိန်မီမကုစားနိုင်ပါက မိမိကိုယ်ကိုအဆုံးစီရင်သည်အထိဆိုးကျိုးများဖြစ်ပေါ်စေသည်ဟုသူကဆိုသည်။
“စိတ်ပိုင်းဆိုင်ရာကုစားနိုင်ဖို့အချိန်အများကြီးယူရမယ် စိတ်ပိုင်းဆိုင်ရာကုသဖို့အတွက်လိုအပ်တဲ့ဆရာဝန်နဲ့ပြသတာ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကိုဖြေဖျောက်ဖို့ တခြားသောနည်းလမ်းတွေနဲ့ကူညီဖြေရှင်းပေးဖို့လိုအပ်တယ် ဥပမာဆိုရင်သူ့ရဲ့စိတ်ပါဝင်စားရာတခုခုကိုစိတ်နှစ်ပြီးလုပ်နိုင်ဖို့အပါအဝင်တခြားအရာတွေပေါ့”ဟု မဇူးဇူးကပြောသည်။
Civic Defense Milita -CDM -Siyin မှ ပြောရေးဆိုခွင့်ရှိသူကမူ စစ်ကောင်စီတပ်များတွင် ဥပဒေမရှိတော့ကြောင်း၊ခေါင်းဆောင်များကိုယ်တိုင်ကထင်တိုင်းကြဲခွင့်ပေးထားသဖြင့် ယခုကဲ့သို့ဖြစ်စဉ်မျိုးထပ်မဖြစ်စေရန် ၎င်းတို့ကိုချေမှုန်းမှရမည်ဖြစ်ကြောင်း ပြောသည်။
“အာဏာရှင်ရော အာဏာရှင်လက်ပါးစေတွေရော အမြစ်ဖြတ်ချေမှုန်းမှရမယ်”ဟုသူကဆိုသည်။
တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDPDF)မှ ပြောရေးဆိုခွင့်ရှိသူကလည်း စစ်ကောင်စီတပ်များ၏ လုပ်ရပ်ကိုခွင့်လွှတ်စရာအကြောင်းမရှိသလို အမြစ်ပြတ်သည်အထိတော်လှန်တိုက်ထုတ်သွားမည်ဟုပြောသည်။
အကြမ်းဖက်ခံရသူအမျိုးသမီးများ၏ အလိုလားဆုံး ဆန္ဒမှာလည်း အရေးတော်ပုံအမြန်အောင်ဖို့ပင်ဖြစ်ပြီး စစ်ကောင်စီတပ်များအာဏာမရှိရေးကို အလိုချင်ဆုံးဖြစ်ကြောင်း မဟယ်လင်က အောက်ပါအတိုင်းပြောသည်။
“သူတို့(စစ်ကောင်စီ)ကျဆုံးဖို့အလိုချင်ဆုံးပဲ”