စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းဘေးရှိ ဒုန်းတောကျေးရွာတွင် အသက် ၆၅ အရွယ် စိတ်မနှံ့သည့် အမျိုးသမီးတစ်ဦးကိုပါ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က စိတ်မနှံ့သည့် အသက်၆၀ကျော်အရွယ် ဒေါ်ဝင်းရည်ကို သတ်ဖြတ်ထားခဲ့ပြီး သူမ၏ အလောင်းကို ဒီဇင်ဘာလ၈ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတစ်ဦးက “လေးယောက်ပျောက်နေတာ လိုက်ရှာကြတော့ သုံးယောက်က အသက်ရှင်လျက် ပြန်တွေ့တယ်။ သူ့ကိုတော့ ရွာအဝင် တံတားအစင်းမှာ သေဆုံးလျက် တွေ့ရတာပေါ့” ဟု ပြောသည်။
စိတ်မနှံ့သည့် ဒေါ်ဝင်းရီသည် ဒုန်းတောရွာ၏ အရှေ့မြောက်ဘက်တွင်ရှိသည့် ၎င်း၏ ကွမ်းခြံအတွင်း ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းကို မျက်မြင်ကြည့်ရှူခဲ့ရသည့် ဒေသခံတစ်ဦးက “ သူ့ကွမ်းခြံထဲမှာ နေတာကို စင်ပေါ်ထိုင်နေတာကို ပစ်သွားတဲ့သဘောပေါ့။ သူရဲ့နားရွက် အောက်ခြေကနေ တွေ့ပြီး ပစ်ထားတာဆိုတော့ တောက်လျှောက်၊ တိုးလျှိုပေါက် ပေါက်ထွက်သွားတယ်။ ဟိုဘက်ဒီဘက်ပေါက်သွားတာ” ဟု ပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းကလည်း အကြမ်းဖက်စစ်တပ်သည် အသက်မပြည့်သေးသည့် ဆယ်ကျော် သက် ၄ ဦးအပါအဝင် ဒုန်းတောရွာသား ၁၀ ဦးကို ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သေးသည်။
အကြမ်းဖက်စစ်တပ် အင်အား ၁၀၀ ခန့်သည် ဒီဇင်ဘာလ၇ရက်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းအောင်ဇေယျ မြို့သစ်ဘက်မှ ဆင်းလာပြီး လမ်းနံဘေးရှိ ကျေးရွာများကို ဝင်ရောက်ခဲ့ရာ ဒုန်းတောကျေးရွာအရောက်တွင် ယာခင်းများထဲသို့ ထွက်ပြေးတိမ်းရှောင်နေသူ ၁၀ ဦးကို ယာခင်းထဲတွင် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သည် ဒုန်းတောကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများကို နယ်မြေရှင်းလင်းများ ပြုလုပ်သည်မှာ ၂ကြိမ်ထက် မနည်းရှိနေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ ရက်ရက်စက်စက် ပစ်သတ်မှုများမှာ ပထမဦးဆုံး အကြိမ် ဖြစ်သည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မီးရှို့သတ်ခံခဲ့ရသည့် ဒေသခံ၁၀ဦးနှင့်အတူ ဒေသခံများက ယနေ့နံနက်ပိုင်းတွင် သင်္ဂြိုဟ်ပေးလိုက်ကြောင်း သိရသည်။