အကြမ်းဖက်စစ်တပ်မှ အရာရှိတချို့သည် စစ်အာဏာသိမ်းမှုကို နည်းအမျိုးမျိုးဖြင့် ဆန်ကျင်ကန့်ကွက်သော လှုပ်ရှားသူ အမျိုးသမီးများကို ဖမ်းမိပြီးနောက် စစ်ကြောရေးကာလအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ကျူးလွန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိရသူ တချို့က MPA သို့ ထုတ်ဖော်ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်း အဖမ်းခံရပြီး စစ်ကြောရေးတွင် ထုရိုက်နှိပ်စက် စစ်ဆေးနေစဥ်က ဧရာဝတီတိုင်း မအူပင်မြို့တွင် သမီး ဖြစ်သူ အဖမ်းခံရသော ဖြစ်ရပ်၌ သမီးကို စစ်ကြောရေးဝင်စဥ် တပ်ရင်းမှူးကိုယ်တိုင် ရင်သားကို ကိုင်တွယ်ခြင်း၊ လင်ပြော မယားပြော အသုံးနှုန်းများ ပြောဆိုခြင်းကို ဖခင်ဖြစ်သူရှေ့တွင် ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဆိုပါ ကာလတွင် အဖမ်းခံရသည့် မအူပင်မြို့ခံတဦးက ပြောသည်။
“ ကျနော့်ကို ထုရိုက်ပြီး မှန်ခန်းထဲက အထွက်မှာ သူ့သမီးကို မဖွယ်မရာတွေ လုပ်နေတာ မြင်ရတဲ့ အဖေက ပေါက်ကွဲရော။ အဲ့အချိန်က မေလထဲမှာ။ စစ်နေတာက တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၂၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူး သက်လွင်ဦးကိုယ်တိုင်လုပ်တာ။ ကလေးမလေးက အသက် အလွန်ဆုံး ၁၈ နှစ်လောက်ပဲရှိမယ်။ စစ်ကြောရေးက ရဲစခန်းထဲမှာပဲ စစ်တပ်က စစ်တာ။ အခု အဲ့တပ်က ချင်းပြည်နယ် မင်းတပ်ကို ရွှေ့သွားပြီ” ဟု ၎င်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရပုံကို ပြောသည်။
စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ကာ စော်ကားမှု့များအပြင် မုဒိန်းမှု့ကျူးလွန်ခြင်းများ မဖြစ်နိုင်ဟု မဆိုနိုင်ကြောင်း၊ အထူးသဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့၏ အရေးပါခြင်းထက် အကြမ်းဖက် စစ်တပ်ကသာ စစ်ကြောရေးကို ကိုင်တွယ်ကြောင်း အမည်မဖော်လိုသူ မြို့နယ်ရဲတပ်ဖွဲ့မှူးတဦးက MPA သို့ပြောသည်။
မိမိတို့ ရဲတပ်ဖွဲ့ ယူနီဖောင်းဖြင့်ပင် အယောင်ဆောင်ကာ စစ်သားများက ဆန့်ကျင်မှု့များကို ကိုင်တွယ်ဖြေရှင်းနေကြောင်း သူက ဆက်ပြောသည်။
“ ကျနော်တို့က အဲ့လိုမျိုး စစ်တပ်က လုပ်နေတာတွေ တခုမှဝင်ပြောခွင့်မရှိဘူး။ ကိုယ့်ရဲဝတ်စုံတောင် သူတို့က ကောက်စွတ်ပြီး ရဲကလုပ်သယောင် လုပ်နေတာ ဒီအတိုင်း ထိုင်ကြည့်နေရတာ။ ကောင်မလေးတွေကို ဖမ်းပြီး စစ်တာလဲ သူတို့ပဲ။ စစ်လို့ပြီးတော့မှ အမှု့ဖွင့်ဆို ရဲကလုပ်ရတာ။ စစ်တဲ့အချိန်မှာ အဲ့လို စစ်သားတွေက မူးနေတာပဲ။ အခန့်မသင့်ရင် ကျနော်တို့လို အရာရှိတောင် ရေနွေးဓာတ်ဘူးနဲ့ ကောက်ပေါက်ချင်ပေါက်တာ” ဟု သူက ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ဆန္ဒပြသူများကို ပိုက်စိပ်တိုက် ဖမ်းဆီးသည့်အချိန်မှ ယနေ့အချိန် လက်နက်ဖြင့် တော်လှန်ခြင်း၊ မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများတွင် အမျိုးသမီးငယ်များလည်း အများအပြား ဖမ်းဆီးခံထားရသည်။
စစ်ကြောရေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မိန်းကလေးချင်းပင် ဖွင့်ဟရန် ဝန်လေးသည့် အခြေအနေများ တွေ့ကြုံကြရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
အထူးသဖြင့် အသက်ငယ်ငယ် မိန်းမပျိုလေးများ အများစု ယခုလို ဖမ်းဆီးခံရသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ငရဲခန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု့များကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေကြသည်ကို အများအပြား တွေ့ရသည်ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်သူ၊ အဖမ်းခံရသူများကို ဥပဒေအရ လိုက်ပါကူညီပေးသူ တရားလွှတ်တော် ရှေ့နေတဦးက ပြောသည်။
“ ကျမတို့ အဖမ်းခံရပြီး စစ်ကြောရေး ဖြတ်သန်းခဲ့ရတဲ့ လွတ်လာသူ မိန်းကလေးတွေကို မေးမြန်းတဲ့ဟာမှာ ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ လက်ရော၊ နှုတ်ရော ကျူးလွန်တာကို မပြောချင်ကြဘူး။ စစ်သားတွေလုပ်ခဲ့တာကို ကိုယ့်ဥပဒေနဲ့အညီ ခံခဲ့ရတာ ပြန်တိုင်ဖို့ကလည်း အာဏာက သူတို့လက်ထဲပဲဆိုတော့ ကာယကံရှင်တွေကိုယ်တိုင်က နှုတ်ပိတ်နေတာ အကောင်းဆုံးပဲလို့ ယူဆလိုက်ကြတယ်။ ဒါပေမယ့် ကျမတို့ အချက်အလက်တွေ ရအောင်တော့စုထားတယ်။ ဒါကို ကုလသမဂ္ဂအထိကို ပေးပို့မှာ” ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ – နွေဦးတော်လှန်ရေးအမှတ်တံဆိပ်
(ပုံဟောင်း)