By MPA / ထွန်းလင်း [ အတွေးအမြင်ဆောင်းပါး ]
အမျိုးသမီး တွေကို အနှိမ်ခံ ကျွန်ပြု ခွဲခြားဆက်ဆံထားတဲ့ စကားလုံးတွေဟာမြန်မာ့လူ့အဖွဲ့ အစည်း ထဲ ဒီနေ့ထိတိုင် စိုက်ဝင်နေဆဲ ။ဒီနေ့ခေတ်ရေစီးကို ရသလောက် ကန့်လန့်ခံ အံတုနေတဲ့သဘော။
‘ယောကျ်ားစကားပြော မိန်းမလို မိန်းမရ မပြောနဲ့’လို့ဆိုကြတယ်။ပြီးတော့ ‘မိန်းမရွှင်ပါးစပ်’၊ ‘ဖာမကျ နဲ့’၊ ‘သုံးကျောင်းပြောင်းသောရှင်၊သုံးလင်ပြောင်းသောမိန်းမ’…..။လိင်အင်္ဂါ ကွဲပြား မိန်းမဖြစ်တာနဲ့တင် ကျ နော်တို့လူ့အဖွဲ့အစည်းက ပြတ်ပြတ်သားသားကို အဲဒီလို ချိုးနှိမ်ပစ်ခဲ့တယ်။
မိန်းမသားဖြစ်တာနဲ့တင် ကတိတည်ကြည်မှုမရှိတဲ့သဘော။မြန်မာလူ့အဖွဲ့အစည်းထဲက ကျားနဲ့မ၊ လိင်သရမ်းမှုမှာ ယေဘုယျအားဖြင့် ယောကျာ်းတွေက ဘယ်လိုမှ ယှဉ်လို့မရအောင် ပြိုင်ဘက်ကင်းနေတာ တောင် ‘ယောကျာ်းရွှင်ပါးစပ်’လို့ တွင်ပါတော့လား။မိန်းမရွှင်ပါးစပ်တဲ့။လိင်သရမ်းတာချင်းတူတာတောင် လိင် သရမ်းတဲ့ယောကျာ်းတွေရဲ့ ပါးစပ်က တည်ကြည်လေးမြတ်ပြီး မိန်းမရွှင်ရဲ့ပါးစပ်ကသာ ပလီပလာ၊ တောင် ပြောမြောက်ပြောနဲ့ ဘယ်လိုမှ စိတ်မချရတဲ့ ပါးစပ်တစ်ကွင်းဖြစ်သွားတော့တာလား။
တကယ့်တကယ်ဆို ဖါသည်နဲ့ ဖါခေါင်း လုပ်ငန်းသဘောသဘာဝ ဘာမှမကွာတာတောင်ဗလောင်းဗ လဲ ပြောတတ်သူကို ‘ဖါခေါင်းမ ကျနဲ့’လို့မဆို၊ ‘ဖါမကျနဲ့’လို့သာ ပုံချခဲ့ကြ။
နောက်ထပ်ရှိသေးတယ်။ ‘ကြက်မတွန်လို့မိုးမလင်းဘူး’တဲ့။ဒီနေ့ထိတိုင်သိပ္ပံနည်းကျ အဓိပ္ပါယ်ဖွင့်ဆို မှုမရှိသေးတဲ့ ကြက်မတို့ရဲ့သဘောဝအရ တွန်လေ့တွန်ထမရှိတဲ့အပေါ်အခြေခံကာ ကြက်ဖလို အချိန်မှန်တွန် ပြီး မိုးလင်းချိန်ကို မညွှန်ပြနိုင်တာကို မြန်မာ့လူ့အဖွဲ့အစည်းက ကြံကြံဖန်ဖန် ရှာကြံဥပမာပြ။မိန်းမတို့ရဲ့သဘာ ဝ အရ ယောကျာ်းတွေလို အောင်မြင်စွာမစွမ်းဆောင်နိုင် ဒါမှမဟုတ် ယောကျာ်းတွေလို အောင်မြင်စွာစွမ်း ဆောင် နိုင်ဖို့ တချို့ကိစ္စတွေမှာ အကန့်အသတ်ရှိတယ်ဆိုတဲ့သဘော။ချုပ်ပြီးပြောရရင် မိန်းမတွေဟာ ယော ကျာ်းတွေ လောက် စွမ်းဆောင်ရည်မရှိဘူးဆိုတဲ့သဘော။
ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီစကားနဲ့ပတ်သက်ပြီး လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ပုံက ‘ကြမ်ဖတွန်လို့ မိုးလင်းတာလည်းမဟုတ်ပါဘူး၊မိုးလင်းလို့ ကြက်ဖတွန်တာပါ’တဲ့၊လှလှပပ၊ရိတိတိ။
ပြီးတော့ ကျနော်တို့ကလေးဘဝကတည်းက ရှက်စရာကောင်းလှတဲ့ ပြဌာန်းခံရမှုရှိသေးတယ်။အမျိုး သမီးတွေရဲ့ ထမီနဲ့ပတ်သက်တဲ့ ချိုးနှိမ်ခံရမှု။လှန်းထားတဲ့ ထမီမရှိတဲ့ထမီတန်းအောက် ယောကျာ်းသားက လေးငယ်တွေပင် ခေါင်းလျှိုမဝင်ရ၊ဘုန်းနိမ့်မယ်တဲ့။အဒေါ်တွေ အမေတွေကိုယ်တိုင်က သူတို့တူသူတို့သားကို အဲသလို သွန်သင်ဆုံးမခဲ့ကြတယ်။
ကျနော်တို့မြန်မာလူ့အဖွဲ့အစည်းမှာ ထမီဆိုတာက တကယ့်ကို ဗိုင်းရပ်စ်အကြီးကြီး၊ကျေး လက်တွေမှာဆို ထမီလျှော်တဲ့ အင်တုံဆိုတာက သီးသန့်။အဲဒီအင်တုံထဲ အမျိုးသမီးတွေရဲ့ အင်္ကျီတောင် ထည့် မလျှော်တဲ့အထိ သိမ်ငယ်ရရှာတယ်။တချို့ယောကျာ်းသားတွေဆို အဲဒီထမီလျှော်တဲ့ အင်တုံနဲ့ ထိမိရင်ကို တစ်ဘဝတာ ယောကျာ်းတို့ဘုန်း လုံးလုံးပျောက်ကွယ်သွားတော့မှာလိုလို။
ဒီလောက်ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ရန်ကုန်မြို့က တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာတင် ထမီကိုအိမ်ရှေ့ ထုတ်မလှန်းတာ ဒီနေ့ထိတိုင်။တိုက်ဖေးနောက်ဖေးက ရသလောက်နေရာလေးမှာတင် ဖြစ်သလို လှန်းကြရှာ တယ်။တစ်ခါက ကျနော့်အမျိုးသမီးရဲ့ ထမီကိုစိန်ပြေနပြေညှစ်လို့ အိမ်ရှေ့ဝရန် တာရှေ့ထုတ်လှန်း နေတုန်း မိတ်ဆွေတစ်ဦးရောက်လာ၊ ‘ခင်ဗျားဒါတွေလည်း လုပ်တာပဲလား’လို့ ဆိုကာ ပါးစပ်အဟောင်း သားမို့ ကျနော်လည်း ပါးစပ်အဟောင်းသားပြန်ဖြစ်ရ။အိမ်မှုကိစ္စ တစ်ယောက်တနိုင်၊မိန်းမထမီလည်း ကြုံရင်ကြုံ သ လို လျှော်ဖွပ်လိုက်ခြင်းဟာ ကျနော့်အတွက် သာမန်ကိစ္စဖြစ်ပေမဲ့ သူ့အတွက်တော့ ရန်ကုန်မြို့ပေါ် ထူးဆန်း တဲ့ ယောကျာ်းတစ်ဦးကို တွေ့ရတဲ့ပုံမျိုး။
ပူစပ်ပူလောင်ဖြစ်နေတဲ့ ညနေခင်းကို ဖျော်ချဖို့ အိမ်ကနေ ဆိုင်ရောက်၊အမြှုပ်တစီစီနဲ့ ရီဝေဝေ တစ်ခွက်လောက် သူ့ပါးစပ်ပေါက်ထဲ လောင်းချပြီး ချိန်မှာတော့ ‘အိမ်ရှေ့ဝရန်တာမှာ ထမီလှမ်းတာကျတော့ လူမြင်မကောင်းဘူးထင်တယ်’လို့ သူ့ ဒီဘိတ်ကို မရဲတရဲ စဖွင့်တယ်။
ကျနော့်အတွက် ကျားနဲ့မ ကိုတန်းတူလို့ သတ်မှတ်တဲ့အတွက် ထမီဆိုတာလည်း လူ့အသုံးအဆောင် ၊ မျက်နှာသုတ်ပုဝါနဲ့ တန်းတူပဲလို့ ဆိုလိုက်တော့ သူ့ခမျာ အော့အန်မိတော့မလို။သူကတော့ မိရိုးဖလာ စာအုပ် ကြီး အတိုင်း မိန်းမတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိပေမဲ့ ထမီနဲ့ပတ်သက်ရင် သူ့သွေးသားက ယားယံအ ကဲ ဆတ် တုန်းပဲလို့ ဆိုလေရဲ့။
ကျနော့်လူ့အဖွဲ့အစည်းက ထမီဆို နောက်ဖေးမှာသာလှန်းခိုင်းရုံတင်မက နောက်ဖေးမှာတောင် ထမီ တန်းသီးသန့်နဲ့ လှန်းခိုင်းတဲ့အထိ အကဲဆတ်လွန်းလှ။ဝတ်မရတော့တဲ့ စုတ်ပြဲထမီကို ခြေသုတ်လုပ်ရင်တောင် အိမ်ရှေ့ခန်းခြေသုတ်အဖြစ်မထားဘဲ နောက်ဖေးခြေသုတ်အဖြစ်သာ နှိမ့်ချခံရတဲ့ဘဝ။ကျပ်မပြည့်တဲ့ယော ကျာ်းတချို့ဆို မိန်းကလေးပေါင်ပေါ် ခေါင်းတင်အိပ်မိရင်ကို ယောကျာ်းသားတို့ရဲ့မြင့်မြတ်တဲ့ဆံပင်နဲ့ နိမ့်ကျ တဲ့ထမီ ဒါမမဟုတ် စကပ်နဲ့ ဘောင်းဘီ တို့ ထိမိခြင်းဟာ အနာဂတ်ခရီးအတွက်ပင်ပြဿနာကြီးနိုင်သလို၊ အိမ်ပြန်ရောက်တော့ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ကြသတဲ့။
‘ဒါဆို အီဗာတို့ဘာတို့ကျတော့ရော ခင်ဗျားဘယ်လိုသဘောထားလဲ’လို့ ကျနော့်အတွေးအမြင်ကို လက်မခံချင်တဲ့ မိတ်ဆွေ ၊၃ခွက်မြောက် ရီဝေပြီးချိန်မှာ လှမ်းဆတ်ပြန်တယ်။
‘အီဗာဆိုတာလည်း လူ့အသုံးအဆောင်ပါပဲ။အသုံးပြုပြီးရင်တော့ ထိမိကိုင်မိပြီး လက်မဆေးမိရင် ကျန်းမာရေးပြဿနာရှိနိုင်တယ်လို့ ထင်ကြတာဆိုတော့ သေချာထုပ်ပိုးပြီးလွှင့်ပစ် ပြီးတာပဲ’လို့ ကျနော် ပြော ပြတော့ သူ့ခေါင်းရယ်တခါခါ။
‘ဒါဆို ဘုရားအထက်ပစ္စယံတို့လို နေရာမျိုးကျတော့ ဘာ့ကြောင့် မိန်းမတွေ တက်ခွင့်မရှိတာလဲ’လို့ ဆို ပြန်တော့ ရှင်းပြရမှာကအရှည်ကြီး။
တရုတ်နဲ့အိန္ဒိယ လူမျိုးကြီးနှစ်ခု၊နိုင်ငံကြီးနှစ်ခုကြား ဒီနေ့ခေတ်တရုတ်နိုင်ငံရဲ့ပြည်နယ်တစ်ခုစာ ဧ ရိယာအကျယ်အဝန်းသာရှိပြီး လူဦးရေကလည်း သေးသေးကွေးကွေး။ယဉ်ကျေးမှုအရာမှာ အိန္ဒိယခြမ်းယဉ် ကျေးမှုကို အကြိုက်ပိုကြီးခဲ့တဲ့ ဗမာဟာ ဘာသာအရာမှာလည်း ဗမာတွေ မြန်မာနိုင်ငံထဲ ရောက်မလာသေးခင် နှစ်၅၀၀ကျော် စောစော ပျူနိုင်ငံတော်ကြီးက ဗုဒ္ဓဘာသာကို ဆက်ခံရ ရှိ။ဘာသာရေးနဲ့အတူ အမျိုး သမီး တွေကို ချွင်းချက်မရှိ နှိမ့်ချဆက်ဆံတဲ့ယဉ်ကျေးမှုကိုလည်း ဆက်ခံကာ ဘာသာရေးနဲ့ရောထွေး ပစ်လိုက်ခြင်း က ဒီနေ့ထိတိုင် အဓွန့်ရှည်စွာ။
‘ဗုဒ္ဓဘာသာမှာ ကျား၊မခွဲခြားဆက်ဆံမှုအမြင်လုံးဝမရှိဘူး။ယောကျာ်းသာလျှင်မြင့်မြတ်တယ်၊မိန်းမ တွေဟာ နိမ့်ကျတယ်ဆိုတာ မျိုးမရှိဘူး။အထက်ပစ္စယံ မိန်းမတက်လို့လည်း ဘာမှမဖြစ်ဘူး’လို့ ကျနော်အ ပြတ်ပြောမိပြန်တော့ ‘ခင်ဗျားပဲ ရူးနေတာလား၊ ကျနော်ပဲ လိုက်မမီတာလား’လို့ဆိုတာ သူ့ဒီဘိတ်သူ ကန့် လန့်ကာချခဲ့တယ်။
ကျနော့်အတွက်တော့ ဒီနေ့ထိတိုင် ကန့်လန့်ကာချလို့မရ။ဒီနေ့ထိတိုင်ဘုရားဂေါပကနေရာမှာ အမျိုး သမီးတွေကိုဘာ့ကြောင့် တာဝန်မပေးတာလဲဆိုတာ ဒီနေ့ဒီမြန်မာမှာ မေးခွန်းထုတ်ကိုထုတ်ရမယ့်ကိစ္စ။ ‘ကြောက်တတ်ရင် ထမီဝတ်ထား’ဆိုပြီး မိန်းမဖြစ်ရင် အလိုလိုကြောက်တတ်ပြီးသားလို့ လူ့အဖွဲ့အစည်းရဲ့ပြ ဌာန်းခဲ့မှုအပေါ် ရဲရင့်လွန်းလှတဲ့ မြန်မာ့အမျိုးသမီးတွေကို တန်းစီထုတ်ပြလို့ မြေမြှုပ်ပစ်ရတော့မယ့်ကိစ္စ။
ဘယ်လို့ပဲဖြစ်ဖြစ် ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ အားသာချက်က အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတဲ့ နေရာမှာ အသားတံဆိပ်နှိပ်ပြီးသားအထက်ကပြောခဲ့တဲ့စကားပုံတွေပင် ရှိလင့်ကစား ယောကျာ်းတွေနဲ့ ရင် ဘောင်တန်းရုံတင်မက ယောကျာ်းတွေထက် ရှေ့ပိုထွက်လာတဲ့ အမျိုးသမီးတွေကို နေရာမပေးတာ၊ခြေထိုး ခံတာ၊ဖျက်ဆီးပစ်တာမျိုး ထုနဲ့ထည်နဲ့ ကျယ်ကျယ်ပြန့်ပြန့်မရှိတာ ဂုဏ်ယူရပါမယ်။
ဥပမာ-အတိတ်ခေတ်သမိုင်းမှာ ထင်ရှားခဲ့တဲ့ ရှင်စောပုဘုရင်မကြီးလိုမျိုး။သမိုင်းက အမျိုးသမီးတစ် ယောက်ဘုရင်ဖြစ်လာခြင်းကြောင့် ချိုးနှိမ်ခဲ့ခြင်းမျိုးမရှိရုံတင်မက ရှင်စောပုဘုရင်မကြီးနဲ့ ထိုက်တန်တဲ့နေရာ တစ်ခုပေးခဲ့တာ အထင်အရှား။ပြီးတော့ ဒီနေ့ခေတ် မြန်မာပြည်သူတို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်။မြန်မာပြည်သူ တို့ရဲ့ ရှေ့မှာ ရဲရဲဝံ့ဝံ့။မြန်မာပြည်သူတို့ရဲ့ ဥသျှောင်။
အခုဆိုရင်လည်း ကျားမခွဲခြားမှုတွေကို ချေဖျက်ဖို့ ဂျန်နရေးရှင်းဇက် အမျိုးသမီးငယ်တွေဟာ နွေဦး တော်လှန်ရေးနဲ့အတူ ရှေ့ကိုထွက်လာကြပြီဖြစ်တယ်။ဒါပေမဲ့ ဒီနေ့ခေတ် မိန်းမပျို တချို့ပင် အစဉ်အလာ အစွဲအလန်း၊အစဉ်အလာအသုံးအနှုန်းတွေ ယဉ်ပါးပျော်ဝင်ကာ ရုန်းထွက်ရကောင်းမှန်းမသိ။ပလီပလာဆန်တဲ့ ယောကျာ်းကို ‘နင်ယောကျာ်းနော်၊မိန်းမလိုမိန်းမရ မပြောနဲ့’လို့ ကိုယ့် လည်မျိုကိုယ် ခြေထောက်နဲ့ပြန်နင်းလို့ နင်းနေမှန်းမသိ။
အစဉ်အလာပြဌာန်းချက်တွေထဲက ဒီနေ့ခေတ်နဲ့အံမဝင်တာမှန်သမျှကို ရှင်းထုတ်ဖို့ဆိုတာ ခေတ်တိုင်း ကလူငယ်တိုင်းရဲ့ ပုခုံးပေါ်ရောက်နေတဲ့ တာဝန်တွေပဲဖြစ်တယ်။ကျားမခွဲခြားဆက်ဆံမှုရဲ့ ရေသောက်မြစ် ဟာ ဖက်ဆစ်ဝါဒဖြစ်ပြီး ဒီမိုကရေစီယဉ် ကျေးမှုကို ကန့်လန့်တိုက်နေတာမို့ ကျနော်တို့ ချွင်းချက်မရှိ တိုက်ထုတ် ပစ်ဖို့လိုပါတယ်။
ဟုတ်ကဲ့၊ဒီစာကို ထမီဝတ်ပြီး ကျနော်ရေးလိုက်ပါတယ်။