“ဒီအချိန်မှာ နင်ဘယ်နိုင်ငံကလဲလို့မေးရင် မြန်မာနိုင်ငံကပါဆိုပြီး ဖြေဆိုဖို့ ကျွန်တော် အင်အားမရှိသေးတာလည်း ပါတာပေါ့”
မေး။ ။ ပထမဦးဆုံးအနေနဲ့ အန်တိုနရီယာ (တိုတို) အခုလက်တလောမှာ ဘာတွေလုပ်ဆောင်နေသလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ လတ်တလောမှာတော့ အလုပ်မရှိအကိုင်မရှိ ( လုပ်မရကိုင်မရ) ဘဝနဲ့ အားလုံးနဲ့အတူ လွတ်ရာနယ်မြေမှာ ဟိုပြေးဒီပြေး နေနေရပါတယ်။
မေး။ ။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီးရယ်၊ တိုတိုရဲ့ အနာဂတ်အကြောင်းလေးရယ်ကို ပြောပေးပါဦး။
ဖြေ။ ။ ပြိုင်ပွဲအတွက်ကတော့ နိုင်ငံတော်ကြီးပြန်ကောင်းလာတဲ့တစ်နေ့ ပြန်ကစားဖို့ အစီအစဉ်ရှိပါတယ်။ ကျွန်တော့် အနာဂတ်ကို ကျွန်တော် အပျောက်မခံနိုင်ပါဘူး။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် အားလုံးနဲ့အတူ ရပ်တည်ခွင့် အပြည့်အဝရချင်လို့ တမင်ပွဲတွေကို ရပ်နားထားတာပါ။ ဒီအချိန်မှာ နင်ဘယ်နိုင်ငံကလဲလို့မေးရင် မြန်မာနိုင်ငံကပါဆိုပြီး ဖြေဆိုဖို့ ကျွန်တော် အင်အားမရှိသေးတာလည်း ပါတာပေါ့။
မေး။ ။ ကရင်နီပြည်နယ်ရဲ့ အခြေအနေကိုရော ပြောပြလို့ရရင် ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ ကရင်နီပြည်နယ်မှာတော့ အဆက်မပြတ် တိုက်ပွဲဖြစ်နေတော့အများပြည်သူကလည်း အိမ်မှာ မနေရဲတော့ဘဲ ခုချိန်ထိ စစ်ပြေးရှောင်နေရတုန်းပါ။
မေး။ ။ ထိုးသတ်ပွဲတွေ (ပြိုင်ပွဲတွေ) နဲ့ ကင်းကွာသွားတာ ဘယ်လောက်ရှိပြီလဲ။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့ စိတ်အခြေအနေက ဘာအလိုမကျမှုတွေကို ဖြစ်စေလဲ။
ဖြေ။ ။ ခုဆိုရင်ပြိုင်ပွဲနဲ့ ဝေးနေရတာ (၃) နှစ်ရှိပြီ။ ကိုဗစ်အကျိုးကျေးဇူးရယ်၊ စကစရဲ့ အကျိုးကျေးဇူးရယ်ကြောင့်ပါ။ အမှန်က အရင်လိုအခြေအနေသာဆိုရင် ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ခွင့်ရနေပြီ။ အများနဲ့အတူ အောင်ပွဲခံနေလောက်ပြီလေနော်။ ခုတော့ သူများတွေ ကစားတာကြည့်ပြီး ဪ ငါလည်းဆိုတဲ့ နှမြောလိုက်တာကွာကလွဲပြီး ပြောစရာစကားကမရှိပါဘူး။
ဘယ်သူမဆို ကိုယ်ချစ်တဲ့အလုပ်ကို ဘယ်သူက စွန့်လွှတ်ချင်ကြမှာလဲနော်။ အဲ့ဒီလို တမင်ကြီး အလိုမကျတာတို့တော့မရှိပါဘူး။ ရောက်လေရာအရပ်မှာ ဖြစ်တည်မှုတိုင်းနဲ့အတူ အဆင်ပြေအောင်နေတတ်တဲ့သူမို့ အေးဆေးပါပဲ။ တစ်နေ့တော့ ကိုယ့်နေရာမှန်ကို ပြန်ရောက်လာမှာပါ ဒါပါပဲ။
မေး။ ။ အခုတော်လှန်ရေးကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ အခုတော်လှန်ရေးကိုတော့ ပြောမနေပါနဲ့ မသိတတ်တဲ့ ခွေးတွေကအစ စိတ်ညစ်နေတယ် (ရယ်လျက်)။ ကျွန်တော်တို့ပြည်သူတွေ မုချအောင်မြင်မှာနော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရမ်းပြင်းပြတဲ့ ဓမ္မစိတ်ဓာတ်လေးနဲ့ တိုက်ပွဲဝင်နေကြတယ်လေ။ ဘုရားသခင်က ကျွန်တော်တို့နဲ့ အတူရှိနေတယ်။
မေး။ ။ တော်လှန်ရေးကာလမှာ အကြမ်းဖက်စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပြည်သူတွေအတွက်ပေ့ါ။ အထူးသဖြင့် အားကစားလောကကသူတွေ၊ အားကစားလောကပဲ အဖမ်းခံလိုက်ရတဲ့ သူတွေအတွက် ဘာများပြောချင်လဲ။
ဖြေ။ ။ သူတို့ရဲ့ ပြတ်သားရဲရင့်တဲ့ စိတ်ဓာတ်လေးတွေကို အရမ်းလေးစားတယ်။ အမြဲတမ်းဂုဏ်ယူနေမယ်။ အသက်ပေးသွားကြတဲ့ ညီအစ်ကိုမောင်မတွေကို အမြဲဂုဏ်ယူနေမှာပါ။ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေအတွက်လည်း ဆုတောင်းခြင်းနဲ့ အိမ်အပြန်လမ်းမှာ အရင်ထက်ပိုမိုတောက်ပတဲ့ အနာဂတ်နဲ့အတူ ကြိုဆိုနိုင်ဖို့ ကြိုးစားသွားကြမှာပါ။ အားတင်းပြီးတော့ နေပေးကြပါလို့ပဲ မှာချင်ပါတယ်။
မေး။ ။ ပြည်သူတွေကို လက်ရှိအကျပ်အတည်းကာလမှာ ဘာများပြောချင်လဲ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ ပြည်သူများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ပြီး လုံခြုံအောင်၊ သန်မာအောင် နေပေးကြပါ။ အားတင်းပြီး ရှင်သန်ပေးကြပါ။ မကြာခင် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အိမ်လေးကို ကျွန်တော်တို့ ပြန်ရတော့မှာပါ။ အိမ်မရှိသူတွေအတွက်ကတော့ ကိုယ့်မြို့ ကိုယ့်ခြံမှာ နွေးထွေးတဲ့ အိမ်လေးပြန်တည်ဆောက်ကြမယ်လေနော်။