မြန်မာနိုင်ငံအတွင်း နေထိုင်ကျက်စားနေသည့် ငှက်မျိုးစိတ်များအကြောင်း၊ တောရိုင်းတိရစ္ဆာန်နှင့် ရှားပါးငှက်မျိုးစိတ်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် အသိပညာပေးမှုများနှင့် စပ်လျဉ်း၍ Wild Wings Group(တောင်ပံရိုင်းများအဖွဲ့)၏ ဥက္ကဋ္ဌဒေါက်တာသိန်းအောင်ထံ MPA က ဆက်သွယ်မေးမြန်းထားသည်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
23 Jan 2024 By MPA CJ-015 (Interview)
မေး – ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်ပေါင်း ဘယ်လောက် နေထိုင်ကျက်စားကြလဲ။
ဖြေ – မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်ပေါင်း ၁,၁၄၆ မျိုး ကျက်စားပြီး၊ အဲ့ဒီအထဲမှာ ဆောင်းခိုငှက်မျိုးစိတ်က ၃၀၀ ကျော် ပါဝင်တယ်။ ဒါ ၂၀၂၃ ခုနှစ်အထိ မှတ်တမ်းကောက်ယူထားချက်အရပေါ့။
မေး – မြန်မာနိုင်ငံမှာ မျိုးတုံးပျောက်ကွယ်ဖို့ အလားအလာရှိနေတဲ့ ငှက်မျိုးစိတ်ပေါင်းကရောဘယ်လောက် ရှိနေလဲ။ အဲ့ဒီမျိုးစိတ်တွေကို အလေးထားထိန်းသိမ်းခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်လဲ။
ဖြေ – နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Birdlife International ရဲ့ ၂၀၂၃ ခုနှစ်၊ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စိုးရိမ်ရတဲ့ မျိုးသုဉ်းမှုအန္တရာယ်ရှိ (Critically Endangered) ငှက်မျိုးစိတ် ၁၃ မျိုး ၊ မျိုးသုဉ်းမှု အန္တရာယ်ရှိ (Endangered) ငှက်မျိုးစိတ်အမျိုးပေါင်း ၂၀ ၊ မျိုးသုဉ်းမှုအန္တရာယ်ကျရောက်လွယ်တဲ့ (Vulnerable) ငှက်မျိုးစိတ်က ၃၁ မျိုး နေထိုင်ကျက်စားနေတယ်။ မျိုးသုဉ်းမှုအန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ ငှက်မျိုးစိတ်တွေကို အလေးထားထိန်းသိမ်းခြင်းအားဖြင့် မြန်မာနိုင်ငံဇီဝမျိုးစုံမျိုးကွဲ၊ သဘာဝဂေဟစနစ်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့ရေးဆိုင်ရာ နိုင်ငံ့ဂုဏ်နဲ့ လူမျိုးဂုဏ်တွေကိုမြင့်မားစေပြီး၊ အနာဂတ် သဘာဝပတ်ဝန်းကျင် ကြံ့ခိုင်သန်စွမ်းမှုကောင်းတဲ့ လူ့တို့ဘဝချမ်းသာသုခ လုံခြုံစိတ်ချမှုတွေကို ခံစားရမှာပါ။
မေး – ထိန်းသိမ်းကာကွယ်ရမယ့် တောရိုင်းတိရစ္ဆာန်နဲ့ရှားပါးငှက်မျိုးစိတ်တွေကို ဖမ်းဆီးသတ်ဖြတ် ရောင်းချနေတဲ့အပေါ်ရော ဘာများပြောချင်ပါသလဲ။ ဘာ့ကြောင့်အခုလိုတွေ သတ်ဖြတ်ရောင်းချနေတယ်လို့ မြင်ပါသလဲ။
ဖြေ – စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်းပြုတာတွေ၊ အကျိုးအမြတ်များလို့ အရောင်းအဝယ်လုပ်တာ၊ အသုံးပြုခြင်းတွေဟာ နိုင်ငံတကာမှာ ဥပဒေမဲ့ပြုရာကျပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။
မေး – ရှားပါးတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအတွက် ဘယ်လိုအသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ အဓိကလိုအပ်နေပါသလဲ။ စားသုံးသူတွေရောပေါ့။
ဖြေ – မျိုးသုဉ်းမှုအန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့မျိုးစိတ်တွေကို နိုင်ငံတစ်ဝှမ်း အသိပညာပေး နှိုးဆော်တဲ့ လှုံ့ဆော်ပွဲမျိုးကို နိုင်ငံတော်အစီအစဉ်အနေနဲ့ လုပ်ဆောင်သင့်တယ်။ ပြဌာန်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ အညီ အသိပညာပေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေကို ကာလရှည် အချိန်ယူပြီး လုပ်ဆောင်သင့်တယ်။ ငှက်နဲ့ တောရိုင်းတိရစ္ဆာန်အသားတွေကို ဟင်းလျာအဖြစ်သော်လည်းကောင်း၊ အစိတ်အပိုင်းတွေကို ဆေးဝါးနဲ့ အသုံးအဆောင်အဖြစ်သော်လည်းကောင်း အသုံးမပြုရေးကို ပညာပေးအရေးယူဆောင်ရွက်သင့်တယ်။ နိုင်ငံတော်က မျိုးသုဉ်းမှုအန္တရာယ်ရှိတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ အပင်မျိုးစိတ် ကုန်သွယ်မှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း( Convention on International Trade in Endangered Species of Wild Fauna and Fauna- CITES) အဖွဲ့အစည်းရဲ့ ပြဌာန်းစည်းကမ်းသတ်မှတ်ချက်၊ လမ်းညွှန်ချက်တွေနဲ့အညီ တောရိုင်းတိရစ္ဆာန်တွေကို တရားဝင်မွေးမြူတဲ့နည်းနဲ့ တိုးပွားလာတဲ့ တိရစ္ဆာန်ရဲ့ အသား၊ သားရေနဲ့ အစိတ်အပိုင်းတွေကို အသုံးအဆောင်ပစ္စည်းအဖြစ်၊ ဆေးဝါးအဖြစ်၊ စီးပွားဖြစ်ထုတ်လုပ်တဲ့ လုပ်ငန်းအဖြစ် အကောင်အထည်ဖော်နိုင်တယ်။ ဒီနည်းဟာ သဘာဝပတ်ဝန်းကျင်အတွင်း ရှင်သန်ပေါက်ပွားနေတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိခိုက်စေခြင်း မရှိတဲ့အတွက် နိုင်ငံတကာမှာလဲ လုပ်ဆောင်နေတာရှိပါတယ်။
မေး – ငှက်မျိုးစိတ်ပဲဖြစ်ဖြစ် တခြားတောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခြင်းက ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်သလဲ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေရော ဖြစ်စေနိုင်ပါသလား။
ဖြေ – သဘာဝထဲမှာ ကျက်စားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းယူတာ၊ ရောင်းဝယ်တာ၊ မွေးမြူတာတွေကို တားမြစ်ထားတာကြောင့် လိုက်နာရမယ်။ တောရိုင်းတိရစ္ဆာန်တွေကို အိမ်မှာ မွေးမြူမယ်ဆိုရင် တရားဝင် စီးပွားဖြစ် မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းတွေကနေ၊ ထိန်းသိမ်းပြုစုမွေးမြူလေ့ကျင့်ထားတဲ့ တိရစ္ဆာန်တွေကိုပဲမွေးမြူပြီး၊ သတ်မှတ်စည်းကမ်းချက်တွေအတိုင်း လိုက်နာရမယ်။ အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားတဲ့ တောရိုင်းတိရစ္ဆာန်တွေ လွတ်သွားတာတွေ၊ လွှတ်ပေးတာတွေဖြစ်ခဲ့ရင် သူတို့သဘာဝထဲမှာရှင်သန်ဖို့ အခက်အခဲရှိပြီး၊ ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တာကြောင့် မပြုလုပ်သင့်ပါဘူး။
မေး – မြန်မာ့တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေတွေနဲ့ ပတ်သက်ပြီးလည်း အနည်းငယ်ပြောပြပေးပါဦး။ ဒီဥပဒေတွေကရော လက်တွေ့မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်မှုပေးနိုင်ပါသလား။
ဖြေ – မျိုးသုဉ်းမှုအန္တရာယ်ရှိနေတာကြောင့် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို လုံးဝကာကွယ်၊ သာမန်ကာကွယ်၊ ရာသီအလိုက်ကာကွယ်ဆိုပြီး သတ်မှတ်ကြေညာထားပါတယ်။ မြန်မာ့တောရိုင်း တိရစ္ဆာန်ကာကွယ်ရေးအတွက် ဥပဒေနဲ့ပြဌာန်းထားပေမယ့် အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်မှု အားနည်းခြင်းတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက ဆိုင်တွေမှာ ဟင်းလျာ အဖြစ်သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း၊ အသုံးအဆောင်ပစ္စည်းအဖြစ်သော်လည်းကောင်း၊ အကောင်အရှင်များ အဖြစ်သော်လည်းကောင်း ရောင်းဝယ်မှုတွေကို မျက်မြင်တွေ့ရှိနေရတာကြောင့် ဒီဥပဒေတွေက လက်တွေ့မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်မှုမပေးနိုင်သေးဘူးလို့ဘဲပြောရမယ်။
မေး – ဖြည့်စွက်ပြောကြားချင်တာများ ရှိရင်ပြောပေးပါဦး။
ဖြေ – မရှိပါဘူး။