“ ထွက်လို့ရှိရင် မိရင်သတ်မှာဆိုတော့ ကြောက်ပြီးမထွက်ရဲတာတွေလည်းရှိတယ်။ တစ်ချို့က သက်ကြီးရွယ်အို၊ အဖိုးကြီးအို၊ အဖွားကြီးအိုတွေရှိတော့ ပေပြီးနေရတာတွေရှိတယ်။ တစ်ချို့ကလည်း ကလေးတပြုံနဲ့ဆိုတော့ မထွက်ရဲကြဘူး။ ထွက်ခွင့်ပေးတုန်းကလည်း တောထဲလွန်နေတဲ့လူတွေရှိတော့ ကျန်နေခဲ့တာတွေလည်းရှိတယ်။ မိသားစုအကုန်မပါဘဲထွက်ရင်လည်း ကျန်ခဲ့တဲ့လူ အသတ်ခံရမှာလည်း စိုးရတယ်လေ”
ဒေါ်ထွေး (အမည်လွှဲ) (ပျူစောထီးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ)
ဘူးလက်လှဆွေ၏ အမာခံပျူစောထီးရွာကြီးတစ်ရွာဖြစ်သော ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာသား ၂၀၀ ကျော်သည် ပြီးခဲ့သည့်ရက်ပိုင်းက ရွာမှထွက်ခွာ၍ တော်လှန်ရေးအဖွဲ့အစည်းများစိုးမိုးထားသည့် ကျေးရွာများထံ ခိုလှုံလာကြသည်။
မြောက်ခင်ရန်းကျေးရွာကို ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးအဖွဲ့ဝင်များက ရွာသူ၊ ရွာသားများအပေါ် မတရားစေခိုင်းခဲ့ပုံများ၊ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပုံများ၊ လူအခွင့်အရေးချိုးဖောက်ခဲ့ပုံများနှင့်ပတ်သက်၍ အဆိုပါကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ဒေါ်ထွေး(အမည်လွှဲ)ကို MPA က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ဒေါ်ထွေးအနေနဲ့ ရွာကနေ ဘယ်နေ့ကထွက်ခဲ့သလဲ။ ဘယ်လိုထွက်ခဲ့သလဲ။
ဖြေ။ ။ ကျွန်မတို့ထွက်ခဲ့တာက အင်္ဂလိပ်လို ၁၂ ရက်နေ့ကထွက်ခဲ့တာ။ အားလုံးပေါင်း ၆ ယောက်၊ ကလေးသားလေးရော။ အဲ့ဒီနေ့တွေက တောသွားခွင့်ပေးထားတာလေ။ ကျွန်မတို့လည်း တောသွားသလိုလိုနဲ့ အဝတ်အစား၂ ထည်လောက် မိုးကာအောက်ဖွက်ယူပြီးထွက်ခဲ့တာ။ ကျွန်မသမီးက အပြင်မှာရှိတယ်လေ။ သမီးဆီကို မက်ဆေ့ပို့ပြီး သမီးကနေမှ ဒီဘက်က PDF တွေနဲ့ချိတ်ပေးတာ။ သူတို့က တောင်ခြေရင်းထိလာကြိုကြတယ်။ ကျွန်မတို့က တောထဲကနေမှ တောင်ခြေထိရောက်အောင်လာရတာပါ့။ တစ်ညလုံး မအိပ်ရဘူး။ ထွက်ဖို့အရေး မက်ဆေ့တွေပို့နေတာနဲ့။ ဖုန်းလည်းမဆက်ရဲဘူးလေ။ ဖုန်းဆက်ရင် ဖုန်းပြောတဲ့အသံတွေအကုန်လုံး သူတို့(စကစနှင့်ပျူစောထီး)တွေက စက်နဲ့ဖမ်းထားတာ။ အကုန်ကြားရတယ်ဆိုလို့လေ။
မေး။ ။ ဒေါ်ထွေးတို့ထွက်ခဲ့တဲ့နေ့က တခြားလူတွေရောထွက်ခဲ့တယ်လို့သိရတယ်။ သူတို့ထွက်မှာရောသိလား။
ဖြေ။ ။ အဲ့ဒီလိုတော့မသိဘူး။ ထွက်မယ့်အကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောလည်းမပြောရဲကြဘူးလေ။ တစ်ချို့လည်း တောထဲရောက်မှတွေ့ကြပြီး၊ ထွက်မယ်ဆိုတော့မှ ဆုံကြတာ။ ကျွန်မတို့ထွက်ခဲ့တဲ့နေ့က အရှေ့ကအဖွဲ့က ၂၀ ကျော်ထွက်တယ်လို့သိရတယ်။ ကျွန်မတို့မထွက်ခင် အရင်နေ့က ၆၀ လောက်ထွက်တယ်လေ။ ကျွန်မတို့လည်း အဲ့ဒီနေ့၊ ၁၁ ရက်နေ့ကတည်းကထွက်မလို့။ အဲ့ဒီနေ့က ကျွန်မတို့နဲ့အတူထွက်မယ့်ကောင်လေးက နေ့စောင့်ကျတာလေ။ ဒါကြောင့်မထွက်ဖြစ်တာ။ ၁၁ ရက်နေ့ကတော့ မနက်ကတည်းက မှိုင်းတွေလည်းတိုက်နေတာ။ လမ်းကလည်းဖွင့်တော့ လူပေါင်း ၆၀ လောက်ထွက်ကြတာ။ ကျွန်မတို့ထွက်ပြီးတော့လည်း နောက်နေ့မှာ ၁၀၀ ကျော်လောက်ထပ်ထွက်တယ်။ အဲ့ဒါက သူတို့(စကစနှင့်ပျူစောထီးတပ်ဖွဲ့ဝင်)က ထွက်ချင်ထွက်လို့ ခွင့်ပေးတာတဲ့။ မနေ့ကလည်း ထွက်မယ့်လူတွေအများကြီးရှိတယ်။ မနေ့တုန်းက ထွက်အောင်လို့ဟာ သူတို့က ပြန်ပိတ်ပစ်တာလို့ကြားတယ်။ မထွက်ခဲ့ကြရတော့ဘူး။
မေး။ ။ ဘာကြောင့် ခုလိုထွက်ခွင့်ပေးတယ်လို့ ဒေါ်ထွေးထင်လဲ။
ဖြေ။ ။ စိတ်ဆိုးလို့လော၊ ဘာလို့လောမသိ။ နဂိုတုန်းကလည်း ဗိုလ်မှူးကိုပြောပြောပြီးတော့ နေမကောင်းလို့၊ ဘာလို့ဆိုပြီး ခွင့်တောင်းတောင်းပြီး ထွက်သွားကြတုန်းကလည်း တစ်ယောက်ကခွင့်တောင်းလာလိုက်၊ တစ်ယောက်ကခွင့်တောင်းလာလိုက်ဆိုတော့ ဗိုလ်မှူးကစိတ်ဆိုးပြီး ထွက်ချင်တဲ့လူထွက်ဆိုပြီး စက်ကြီးနဲ့အော်ပစ်တာလေ။ မနက်နေမြင့်မြင့် ၁၀ နာရီလောက်မှာအော်ပြီး နေ့လည်လောက်ကျ ပြန်ပိတ်ပစ်တာ။ အခုလည်းအဲ့လိုပုံစံဖြစ်လောက်တယ်။ အဲ့ဒီတုန်းကတော့ ၄ ဦး၊ ၅ ဦးလောက်ပဲ ရွာကထွက်ကြတယ်။
မေး။ ။ ဒေါ်ထွေးတို့အနေနဲ့ ရွာထဲကဘာကြောင့်ထွက်ခဲ့တာလဲ။ ရွာထဲမှာတုန်းက ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲ။ အရင်ကရော ခုလိုထွက်ခဲ့ဖို့ စဥ်းစားဖူးတာရှိလား။
ဖြေ။ ။ အခက်အခဲတွေကတော့ မျိုးစုံပါ့။ စားဝတ်နေရေးလည်း ခက်တာပါ့။ သီးနှံတွေကလည်းမရောင်းရ။ ဆားတို့၊ ငပိတို့ကစျေးကကြီး။ ပြတ်တာတွေရော။ တောက်တာတွေရော။ ဆားတွေဆိုရင် တစ်ပိဿာ ၂ သောင်း၊ ၂ သောင်းကျော်။ ဒါပေမဲ့လည်း မရှိဘူး။ ဆီကလည်း ဒီဇယ်တစ်ဂါလံကို တစ်သိန်းခွဲ အဲ့ဒီလိုမျိုးတွေရှိတယ်။ စားဆီကတော့ နှမ်းတွေဘာတွေလုပ်တော့ ရွာမှာရှိပါတယ်။ ဒါပေမဲ့လည်း ကြိတ်ခက ဆီတစ်ပုံးကို ၅ သောင်း၊ ၄ သောင်းအဲ့လိုမျိုးတွေပေးရတာ။ စပါးတွေဘာတွေကလည်း ကြိတ်ရတာခက်ခဲတာပါ့လေ။ စျေးတွေကကြီး၊ ကိုယ့်သီးနှံတွေက မရောင်းရဆိုတော့ခါ၊ ဓာတ်ဆီတွေကမရှိဆိုတော့ ကြိတ်ချင်တိုင်းကြိတ်လို့မရဘူး။ တခြားအာလူး၊ ကြက်သွန်ကတော့ မရှိဘူး။ ဘာမှကို။ တခါတလေ သူတို့တစ်ခြားရွာ၊ ရွှေဘိုတို့၊ တောင်ခင်ရန်းတို့ကို စစ်ကြောင်းထိုးပြီး စျေးတွေ၊ ပစ္စည်းတွေပါလာရင်တော့ ရောင်းပေးတယ်။ ပစ္စည်းလေးတစ်ခု၊ နှစ်ခုရဖို့အရေး တန်းစီပြီးဝယ်ရတာပါ့လေ။ ကျွန်မတို့လည်း အငတ်မှမခံနိုင်တာ။ ဝယ်ရတာပါ့။ အဲ့ဒီလိုရောင်းပေးတော့မယ်ကြားရင် ပိုက်ဆံစုထားရတာပါ့။ တစ်ချို့လည်း ငပိမပါဘဲ၊ ဟင်းချိုမှုန့်မပါဘဲစားရတာ ဘယ်လောက်ရှိပြီနဲ့ ပြောကြတာတော့ ကြားနေရတာပါ့။ ထွက်ဖို့ရာကတော့ အမြဲတမ်းစဥ်းစားပါတယ်။ ဒါပေမဲ့လည်း လမ်းမဖွင့်တဲ့အခါတို့၊ တောတို့ဘာတို့မသွားရတဲ့အခါကျတော့ ဘယ်လိုမှထွက်လို့မရဘူးလေ။ တောသွားခွင့်ကလည်း ပိတ်လိုက်၊ ဖွင့်လိုက်နဲ့။ အဲ့ဒီတော့အခွင့်ရေးသာတဲ့နေ့မှ ထွက်ခဲ့ရတာပါ့။
မေး။ ။ အဲ့ဒီလိုကုန်တွေ ပြတ်သွားတာ ဘယ်ကတည်းကလဲ။
ဖြေ။ ။ ကြာပြီနော။ တစ်နှစ်ခွဲလောက် ကတည်းကပြတ်တာ။ သူတို့စစ်ကြောင်းထိုးပြီးရင် ပြန်ရောင်းပေးလိုက်နဲ့။ နောက်ဆုံးပြတ်သွားတာက လွန်ခဲ့တဲ့ မိုးရာသီ၊ ဝါဆို၊ ဝါခေါင်လောက်ကတည်းက ထင်တယ်။ ရောင်းမပေးတော့တာ။
မေး။ ။ ရွာထဲမှာ ပျူစောထီးတပ်ဖွဲ့တွေကို ဘယ်လိုဖွဲ့လဲ။ အုပ်ချုပ်တာရောဘယ်လိုအုပ်ချုပ်လဲ။ အခု ရွာထဲမှာအခြေအနေဘယ်လိုရှိလဲ။
ဖြေ။ ။ စစ်သားတွေလည်းရှိတယ်။ တောင်ခင်ရန်းရဲစခန်းက သိမ်းခဲ့တဲ့ရဲတွေလည်းရှိတယ်။ ပျူစောထီးတွေကတော့ ပထမဆုံး၊ အရင်ဦးဆုံးဖွဲ့တုန်းကတော့ သူတို့လိုက်ချင်တဲ့လူတွေလိုက်ကြတာပါ့လေ။ နောက်ပိုင်းကျတော့ အသက် ၃၀ ကျော်၊ ၄၀ နဲ့ အသက်၂၀ အရွယ်လူငယ်တွေကို ဆွဲခေါ်တော့တာ။ နောက်မှလိုက်တဲ့လူတွေကတော့ သူတို့ဟာသူတို့ လိုက်ချင်လို့လိုက်တဲ့ဟာတွေလည်းရှိတယ်။ မလိုက်ချင်ဘဲနဲ့ မလွတ်မနေ(မဖြစ်မနေ)လိုက်ရတာတွေလည်းရှိတယ်။ ပထမဆုံးလိုက်တဲ့လူတွေကတော့ ကျောင်းဝင်းထဲမှာ သင်တန်းတွေပေးတယ်။ နောက်လိုက်တဲ့လူတွေကတော့ သင်တန်းတွေမပေးဘူးထင်ပါတယ်။ သေနတ်အဖြုတ်အတပ်တွေတော့ သင်တန်းပေးလောမသိ။ ရွာအုပ်ချုပ်ရေးမှူးက ထက်ဝေဦးတဲ့။ ပျူစောထီးခေါင်းဆောင်က ဖြိုးဝင်းတဲ့။ ဗိုလ်မှူးလည်းရှိတယ်။
မေး။ ။ ရွာသူရွာသားတွေကိုရော စစ်သားနဲ့ပျူစောထီးတွေက နှိပ်စက်တာတွေ၊ မတရားစေခိုင်းတာတွေရှိလား။ ဘယ်လိုမျိုးခိုင်းစေလဲ။
ဖြေ။ ။ မတရားကတော့ ခိုင်းတာပါ့။ ပျူစောထီးထဲမပါတဲ့ ယောက်ျားတွေဆို အရပ်ကင်းစောင့်ရတယ်။ နေ့လယ်၊ နေခင်းကိုကျင်းတူးရတယ်။ လိုင်းတူးရတယ်။ ဘန်ကာတွေဆောက်ရတယ်။ အသက် ၆၀ လောက်တွေကျတော့ နေ့ကင်းမှာထားတယ်။ အသက် ၅၀၊ ၅၀ ကျော်လောက်တွေကိုကျတော့ နေ့ကင်းရော၊ ညကင်းရောစောင့်ရတယ်။ သူတို့နဲ့တွဲပြီး စောင့်ရတာပါ့လေ။ ပျူစောထီးထဲပါတဲ့လူတွေကတော့ သေနတ်တွေနဲ့ပါ့။ အရပ်ကင်းတွေတော့ သေနတ်မပေးဘူး။ အရေးကြီးတဲ့နေ့ဆို ဘယ်အချိန်ရောက်အောင်လာဆိုပြီး သတ်မှတ်ပြီး နောက်ကျလို့ရှိရင် ထစ်တုံး(ခြောက်ပေါက်)ခတ်ခံရတယ်။ အရိုက်ခံရတယ်။
မေး။ ။ ဘန်ကာတွေက ဘယ်လိုဆောက်ထားလဲ။
ဖြေ။ ။ ရွာပတ်ပတ်လည်ပေါ့လေ။ ဘန်ကာတစ်ခုနဲ့တစ်ခုဟာ တစ်ခေါ်လောက်စီ ခြားတယ်။ ဒါပြီးရင် ပတ်ပတ်လည် လိုင်းကျင်းတွေတူးထားတယ်။
မေး။ ။ ရွာထဲမှာ စစ်သားနဲ့ပျူစောထီးတွေက ဘယ်လိုမျိုးပြစ်မှုတွေကျူးလွန်နေလဲ။ ကြုံတွေ့ခဲ့ရတာတွေရှိလား။
ဖြေ။ ။ ရွှေဘိုက လူတွေဖမ်းခဲ့တာလည်းကြားတယ်။ ဒါပြီးတော့ စစ်ကြောင်းထိုးသွားတဲ့အခါ ဖားရိုက်တဲ့ကလေးလေး ၂ ယောက်ကိုခေါ်ခဲ့ပြီးမှ ဓာတ်ဆီပီပါနဲ့ လဲခိုင်းတာတွေလည်း ကြားတယ်။ ကျွန်မတို့လည်း သိုးသိုးသန့်သန့်ပဲ ကြားရတာ။ ဟိုတစ်ခါ PDF တွေဝင်လာတုန်းက ဖမ်းမိတဲ့ ၂ ယောက်ကို မီးရှို့သတ်တာတော့ အိမ်ကနေအသံတွေဒီအတိုင်းကြားရတယ်။ ညာသံတွေ၊ အော်သံတွေ။ သွားတော့မကြည့်ရဲဘူးလေ။ ကြောက်လို့အိမ်ထဲမှာပဲနေတာ။ ကိုယ့်ရွာသားအချင်းချင်းသတ်တာတွေလည်း ရှိတယ်ရှင့်။ ဦးမောင်မောင်လို့ခေါ်တာပေါ့နော်။ ဒါပေမယ့် နာမည်အရင်းကတော့ ဇော်ဇော်ဦးတဲ့။ ဒါပြီး ဖြူဖြူဝင်းတဲ့၊ လင်မယား ၂ ယောက်ကိုသတ်ပစ်တာ။ အဲ့ဒီအချိန်တုန်းက ဖမ်းတာက လူပေါင်း ၂၀ လောက်ကိုဖမ်းတာ။ သတ်တာက သင်္ချိုင်းထဲကိုခေါ်ပြီးတော့ သတ်တာ။ သင်တန်းမှူးက မူးနေတာလို့ပြောတယ်။ လင်မယား ၂ ယောက်ကိုသတ်ပြီးမှ မောင်ဖြစ်တဲ့သူကိုလည်း သတ်ဖို့လုပ်နေတဲ့အချိန်မှာ ဗိုလ်မှူးနဲ့ပျူစောထီးတစ်ယောက်က သေနတ်သံကြားတယ်ဆိုပြီး လိုက်လာလို့မသတ်ဖြစ်လိုက်ဘူး။ သူကတော့မသေဘူး။ နောက်ထပ် အောင်ဗိုလ်လင်းဆိုတဲ့တစ်ယောက်ကတော့ သူတို့ရိုက်တာနှက်တာနဲ့ ဟံသာဝတီဆေးရုံတော့ ရောက်သေးတယ်။ ဒါပေမယ့် သေသွားတယ်။ ကျန်တဲ့လူတွေကိုတော့ ရိုက်နှက်ပြီးတော့ ပြန်လွှတ်တယ်။ ဘာကြောင့်ဖမ်းတယ်လို့တော့ ကျွန်မလည်းမသိဘူး။ ဒါပြီး ဟိုးအရင်က ဦးဘရွှေတဲ့။ သူ့ကိုလည်းဖမ်းပြီး စာသင်ကျောင်းထဲမှာ ရေနွေးပူတွေနဲ့လောင်းပြီး သတ်တယ်လို့ကြားတာပါ့။ သတ်တာတော့မမြင်ရဘူး။ သတ်ပြီးတော့ သေပြီးသားအလောင်းကို သူတို့အိမ်နီးနားပတ်ချာလည် မွေးချင်းတွေမြင်အောင်ဆိုပြီးမှ ကားနဲ့ဆွဲပြီး မြစ်ထဲကိုပို့တာလို့ကြားတယ်။ ဒါလည်း သူများပြောလို့ကြားတာပါ။ ကျွန်မတို့ကတော့ သွားပြီးမကြည့်ရဲပါဘူး။
မေး။ ။ အခုရောရွာထဲမှာ ဘယ်လိုလူတွေ ကျန်နေခဲ့သေးလဲ။
ဖြေ။ ။ လူတွေက သူတို့အစိမ်းသမား(ကြံခိုင်ရေးနှင့်ပျူစောထီးအားပေးထောက်ခံသူ)တွေပဲ များများကျန်တော့တာပါ။ သူတို့ကတော့ ထွက်မှာမဟုတ်ဘူး၊ လုံးဝမထွက်ဘူး။ ဒါပြီး တစ်ချို့အနီသမား(NLDပါတီထောက်ခံသူ)တွေလည်း ကျန်ခဲ့သေးတယ်။ ဒါကလည်း တစ်ချို့က ထွက်ချင်လျက်နဲ့ အဆက်အသွယ်မရှိလို့ နေရတာတွေရှိတယ်။ ထွက်လို့ရှိရင် မိရင်သတ်မှာဆိုတော့ ကြောက်ပြီးမထွက်ရဲတာတွေလည်းရှိတယ်။ တစ်ချို့က သက်ကြီးရွယ်အို၊ အဖိုးကြီးအို၊ အဖွားကြီးအိုတွေရှိတော့ ပေပြီးနေရတာတွေရှိတယ်။ တစ်ချို့ကလည်း ကလေးတပြုံ(အများကြီး)နဲ့ဆိုတော့ မထွက်ရဲကြဘူး။ ထွက်ခွင့်ပေးတုန်းကလည်း တောထဲတွေလွန်နေတဲ့လူတွေရှိတော့ ကျန်နေခဲ့တာတွေလည်းရှိတယ်။ မိသားစုအကုန်မပါဘဲ ထွက်ရင်လည်း ကျန်ခဲ့တဲ့လူ အသတ်ခံရမှာလည်း စိုးရတယ်လေ။ အဲ့ဒီလိုတွေလည်း ကျန်ခဲ့တယ်။ မနေ့ကထွက်ဖို့လုပ်ပြီးမှ ပြန်ပိတ်သွားလို့ ကျန်တဲ့လူတွေလည်းရှိတယ်။
မေး။ ။အရင်ကလည်း ရွာထဲကထွက်သွားတဲ့လူတွေရှိတယ်လို့သိရတယ်။ ဘယ်လိုထွက်သွားကြတာလဲ။ ထွက်သွားတဲ့လူတွေရဲ့အိမ်ကို မီးရှို့တယ်လို့လည်းကြားတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးရော သိရှိထားတာရှိရင်ပြောပါဦး။
ဖြေ။ ။ ဟုတ်တယ်။ အမှတ် ၁ ရပ်ကွက်က အကုန်လုံးထွက်ကြတာ။ အဲ့ဒီတုန်းက PDF တွေဝင်ပြီး ကယ်ထုတ်သွားကြတာလေ။ ကျွန်မတို့ရပ်ကွက်တွေလည်း ဝင်ပြီးကယ်မယ်လို့ကြားတာ၊ အဲ့ဒီတုန်းက အထုတ်တပြင်ပြင်နဲ့ပါ့၊ အဲ့ဒီလိုကယ်ထုတ်မယ်ကြားလို့။ ထွက်သွားပြီးတော့ အမှတ် ၁ က အိမ်တွေ အလုံး၂၀ ကျော်မလောမသိဘူး။ ဖျက်ကြတယ်။ ဖျက်ပြီးတော့ ဘန်ကာတွေဆောက်တဲ့နေရာမှာသုံးတယ်။ စားပွဲတန်းလျားတွေယူတယ်။ ပြီးတော့ အဲ့ဒီတုန်းက မီးလောင်သွားတဲ့ပျူစောထီးအဖွဲ့ဝင်တွေရဲ့ အိမ်တွေပြန်ပြင်ဆောက်တဲ့နေရာတွေမှာ သုံးကြတယ်။
မေး။ ။ နောက်ထပ်ပြောချင်တာရှိရင်ပြောပေးပါဦး။
ဖြေ။ ။ ဒါပါပဲ။ အခုကတော့ စိတ်ချမ်းသာပါပြီ။ ကျန်ခဲ့တဲ့လူတွေကတော့ ထွက်ရင်ထွက်၊ မထွက်ရင်သူတို့ခိုင်းတာတွေလုပ်နေရမှာပါ့။ ကျွန်မတို့ကတော့ စိတ်ချမ်းသာပါပြီ။