ထို့ကြောင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူမှပြည်သူသို့ဆိုသည့် ဆောင်ပုဒ်ဖြင့် တိုက်ပွဲများကြားမှ စစ်ဘေးရှောင်ပြည် သူများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပြည်သူများ၊ ပညာသင်ခွင့်ဆုံးရှုံးနေရသည့် ကျောင်းသားလူငယ်များ၏ အခက် အခဲများကို ကူညီဆောင်ရွက်ပေးနေသည့် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကနီမြို့နယ်တာဝန်ခံတစ်ဦးကို MPAက ဆက်သွယ်မေးမြန်းထားမှုအား ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး ။ ။အခု လက်ရှိမှာ စစ်ရှောင်ကူညီရေးအဖွဲ့အနေနဲ့ ကူညီပေးတဲ့လုပ်ငန်းတွေလုပ်နေတဲ့နေရာမှာ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲတွေက ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲ။
ဖြေ ။ ။ အဓိက အခက်အခဲကတော့ ဘဏ္ဍာငွေ နည်းပါးတာပေါ့၊ ကျတော်တို့ စစ်ကိုင်းတိုင်းမှာက စစ်ဘေးရှောင်စခန်း ဆိုပြီး သီးသန့်တော့ မရှိဘူး၊ အဲ့ဒီအပြင် ကျတော်တို့မှာ စစ်ဘေးရှောင် အရေအတွက်က တစ်နေ့တစ်ခြား၊ တစ်ပတ် တစ်ခြား၊ ပိုပိုပြီး တိုးလာနေတာဆိုတော့ ဘဏ္ဍာငွေနည်းပါးတဲ့အခက်အခဲ ရှိပါတယ်။။
မေး။ ။ လက်ရှိမှာရော အကူအညီလိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဘယ်လိုတွေ အကူအညီပေးတာတွေ လုပ်ပေးနေကြလဲ။
ဖြေ။ ။ စစ်ဘေးရှောင်မှာ အကြမ်းဖျင်းအားဖြင့် အပိုင်းနှစ်ပိုင်းခွဲထားတယ်။ ယာယီစစ်ဘေးရှောင်နဲ့ အမြဲတမ်း စစ်ဘေး ရှောင်ပေါ့နော်၊ အဲဒီမှာ အမြဲတမ်း စစ်ဘေးရှောင်ကတော့ လိုအပ်ပိုပြီးများတယ်။ ကျတော်တို့က အမြဲတမ်းစစ် ဘေးရှောင်မှာ နေရပ်စွန့်ခွာပြည်သူတွေကို အဓိကထား ကူညီနေပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အဲ့ဒါတွေကို ကူညီထောက်ပံ့ပေးနေပါတယ်။
မေး။ ။ အခုချိန်မှာ တခြားကူညီပေးနေတဲ့အဖွဲ့တွေလည်း အညာဒေသမှာ ရှိကြတယ်လို့ သိရတယ်ဗျ၊ အဖွဲ့တွေရှိတဲ့ အထဲကမှ အစ်ကိုတို့အဖွဲ့အနေနဲ့ စစ်ရှောင်ထောက်ပံ့ရေးအပြင် ဘယ်လိုလုပ်နေတာမျိုးတွေရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အနေနဲ့ တခြားအဖွဲ့တွေနဲ့မတူဘဲ ကျန်းမာရေး၊ စားသောက်ရေး ကိစ္စတွေအပြင် ပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ ပက်သတ်တဲ့ သင်တန်းတွေ၊ ဖက်ဒရယ်ရေးရာသင်တန်းတွေ၊ စတဲ့သင်တန်းတွေကိုပါ ပို့ချပေးချပေးနေပါတယ်။
မေး။ ။ အခု ကူညီရေး လုပ်နေတဲ့အထဲမှာ ပြည်သူတွေတော်တော်များများ ရှိမှာပေါ့၊ အဲဒီထဲကမှ စစ်ရှောင်နေရတဲ့ အထဲမှာ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အခက်အခဲက ဘာတွေဖြစ်မလဲ။
ဖြေ။ ။ စစ်ဘေးရှောင်တဲ့နေရာမှာ အမျိုးသားတွေ တော်တော်များများက ပြည်သူ့ကာကွယ်ရေးလုပ်ငန်းတွေ၊ စစ်ဘေး ရှောင်လုပ်ငန်းတွေ လုပ်ဆောင်နေကြတာဆိုတော့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးဘိုးဘွားတွေက ပိုပြီးများတယ်။ အဲ့ဒီမှာ အမျိုးသမီးတွေရဲ့ အခက်အခဲကတော့ အမျိုးမျိုးရှိတာပေါ့၊ ပထမတစ်ချက်ကတော့ အမျိုးသားတွေက အဲဒီလိုလုပ်နေတော့ အမျိုးသမီးတွေကပဲ မိသားစုကို ခေါ်ဆောင်ပြီး စစ်ဘေးရှောင်နေကြရတယ်။
နောက်ပြီး သွားရေးလာရေး အခက်အခဲတွေပေါ့၊ အချို့နေရာတွေဆိုရင် သူတို့ဦးဆောင်ပြီး၊ သူတို့မိသားစုကို ခေါ်ထုတ် ရတာမျိုးတွေပါပဲ။
မေး။ ။ နောက်ပြီး အဲဒီအထဲမှာ LGBTတွေရောပါလားဗျ၊ သူတို့ရော ဘယ်လိုရင်ဆိုင်နေရတဲ့အခက်အခဲတွေ ရှိလဲဗျ၊ LGBTဖြစ်နေလို့ဆိုပြီး လူမှုပတ်ဝန်းကျင်ကနေ ခွဲခြားဆက်ဆံခံရတာမျိုး ကြုံတွေ့နေရတာတွေကောရှိလား။
ဖြေ။ ။ LGBTတွေကလည်း ရှိတော့ ရှိတယ်၊ ဒါပေမယ့် လူနည်းစုပေါ့နော်၊ ခွဲခြားဆက်ဆံခံရတဲ့အခြေအနေမျိုးတော့ မတွေ့ကြုံရသေးပါဘူး။
မေး။ ။ အကူအညီပေးနေတဲ့အဖွဲ့တွေ အချင်းချင်းကြား သဘောထားကွဲလွဲစေတဲ့ ပြဿနာတွေရော ရှိလား၊ ဘယ်လို အကြောင်းအရာတွေကြောင့် အဖွဲ့တွေအချင်းချင်းကို တင်းမာမှုတွေဖြစ်စေလဲ။
ဖြေ။ ။ အဖွဲ့တွေကြားမှာ သဘောထားကွဲလွဲမှုတွေကတော့ မရှိသလောက်နည်းပါးပါတယ်။ သို့ပေမယ့် ကျတော်တို့ ကူ/ကယ်ရေး ဝင်ဖို့အတွက် ဒေတာအချက်အလက်ကောက်ယူတဲ့အခါမှာ ရပ်ကျေးပကဖတွေ၊ ပလဖတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရတဲ့အခါမှာတော့ သဘောထားကွဲလွဲစေတဲ့ အခက်အခဲတချို့တော့ ရှိပါတယ်၊
မေး။ ။ အဖွဲ့တွေကြားသဘောထားကွဲလွဲစေတဲ့ကိစ္စတွေကတော့ မရှိသလောက်ပဲ နည်းတယ်ပေါ့နော်၊ အဲဒီတော့ အဖွဲ့တွေ အချင်းချင်းကြားမှာ ယုံကြည်မှုတွေတိုးလာအောင် ဘယ်လိုမျိုးတွေ ပူးပေါင်းဆောင်ရွက် နေကြတာမျိုး တွေရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ ကူ/ကယ်ရေး အဖွဲ့အချင်းချင်းတွေမှာတော့ သတင်းအချက်အလက် ပြန်ပြီး မျှဝေတာမျိုးတွေ ရှိတယ်၊ ပြီးတော့ သွားရေးလာရေး လမ်းကြောင်းတွေမှာ လိုက်လံဝန်းရံပေးပြီးတော့ ကူညီပို့ဆောင်ပေးတာတွေရှိ တယ်၊ အဲဒီလိုမျိုးတွေနဲ့ အချင်းချင်း ပူးပေါင်းလုပ်ဆောင်နေပါတယ်။
မေး။ ။ စစ်ရှောင်ကူညီပေးနေတဲ့အဖွဲ့တွေအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော ဘယ်လိုမြင်လဲဗျ၊ အဲဒီအဖွဲ့တွေ ကနေ ကူညီပေးမယ်ဆိုရင်ရော ဘယ်လို အကူအညီမျိုးတွေ ပေးစေချင်လဲ။
ဖြေ။ ။ နိုင်ငံတကာအဖွဲ့အစည်း တချို့ ကူညီပေးနေတာတွေ မြင်တွေ့ရတာတွေရှိတယ်။ သို့ပေမယ့် ကျတော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကူညီမှုတွေ ထိထိရောက်ရောက် မရတာမျိုးတွေ ရှိတယ်။ ကျတော်တို့လည်း အားမရဘူးပေါ့၊ အကူအညီရမယ်ဆိုရင်တော့ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေးအပြင် ကျန်းမာရေး အတွက်လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကူညီပေးစေချင်ပါတယ်။
မေး။ ။ တခြား အကြံပြုချင်တာတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ မြေပြင်မှာရှိနေတဲ့ စစ်ကိုင်း စစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲတွေ၊ ကျွန်တော်တို့ရဲ့အခက်အခဲတွေကို အသံကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပြီး ဝိုင်းဝန်းကူညီပေးကြစေချင်ပါတယ်။
အခုလို အချိန်ပေး ဖြေကြားပေးလို့ MPAမှ ကျေးဇူးတင်ပါတယ်။