ထိုကဲ့သို့ စစ်ဘေးရှောင်များကို ကူညီနိုင်ရန်အတွက် လူငယ်များသည် အဖွဲ့အစည်းများကိုဖွဲ့စည်းပြီး၊ ပြည်သူများ၏ အကူအညီအဖြင့် စစ်ဘေးရှောင်ထောက်ပံ့ကူညီရေးများကို အခက်အခဲများကြားမှ လုပ်ဆောင်ပေးလျက်ရှိသည်။
ယခုကဲ့သို့ စစ်ဘေးရှောင် ၊ ပညာရေး ၊ ကျန်းမာရေးကဏ္ဍများကို ကူညီထောက်ပံ့ပေးနေသောအဖွဲ့အစည်းများ၏ တော်လှန်ရေးကာလအခက်အခဲများနှင့် ပက်သက်ပြီး Youths for Community – YFC Mayung ( မြောင်လူငယ် ကွန်ရက် ) မှ မအမရာကို MPA မှ ဆက်သွယ်မေးမြန်းထားမှုအား ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး ။ ။ အစ်မတို့အဖွဲ့အစည်းက ဘယ်မြို့နယ်အခြေစိုက်ပြီးတော့ ဘယ်အချိန်ကစတင်ပြီး ဖွဲ့စည်းခဲ့တာလဲ။
ဖြေ ။ ။ မြောင်မြို့နယ် အခြေစိုက်တဲ့ မြောင်လူငယ်ကွန်ရက်ကို ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၂၁ ရက်နေ့မှာ အမာခံ လူငယ် ၁၁ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပြီးတော့ လက်ရှိမှာ အဖွဲ့ဝင် ၅၀ ကျော်နဲ့ လည်ပတ်နေပါတယ်။
မေး ။ ။ စစ်ရှောင်ကူညီရေးနဲ့ ပညာရေး ၊ ကျန်းမာရေးလုပ်ငန်းစဉ်တွေမှာ အစ်မတို့အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ ။ ။ စစ်ရှောင်ပြည်သူတွေအတွက် အစားအသောက်ပံ့ပိုးကူညီပေးခြင်းတွေ အဓိက အားဖြည့်လုပ်ဆောင် ပေးပါတယ်။ မီးဘေးသင့်ပြည်သူတွေ ၊ စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်၊ကျဆုံး ပြည်သူတွေကိုလည်း ထောက်ပံ့ရေးတွေနဲ့ ဖေးမကူညီပေးဖြစ်တယ်။ ပညာရေးမှာ ဆိုရင် သင်ထောက်ကူပစ္စည်း ပံ့ပိုးကူညီပေးနေတာ လေးတွေ၊ စာသင်ဆောင် လိုအပ်ချက် ဖြည့်ဆည်းပေးတာလေးတွေ၊ သင်ကြားရေးမှာပါဝင်နေတဲ့ ဆရာ/မ ၊ စေတနာ့ ဝန်ထမ်းတွေကို ရိက္ခာ ပံ့ပိုးကူညီပေးတာလေးတွေ၊ စစ်ဘေးခံစားနေရတဲ့ ကလေးငယ်များကို အာဟာရ ကျွေးမွေးပေး တာလေးတွေ စသဖြင့် နဲ့ ပညာရေးကို ပါဝင်အားဖြည့်ဖြစ်ပါတယ်။ ကျန်းမာရေးမှာဆိုရင်တော့ စစ်ရှောင်ပြည်သူတွေ ကို medical cover လုပ်ဆောင်ပေးတာလေးတွေ၊ လိုအပ်နေတဲ့ ပြည်သူ၊ ရဲဘော်များ အတွက် ဆေးကုသမှု ကုန်ကျစရိတ် ဝိုင်းဝန်းထောက်ပံ့တာလေးတွေ လုပ်ဆောင်ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ ဒေသအခြေအနေအရ စစ်ရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတွေရဲ့ အဓိက ကြုံတွေ့နေရသည့် အခက်အခဲ၊ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ။
ဖြေ ။ ။ ကျမတို့ဒေသမှာ ကြုံတွေ့ရတာတော့ ဒေသတွင်း ရိက္ခာရရှိမှု နည်းပါးတယ်။ ကုန်စျေးနှုန်းကလဲ အဆမတန်တက်နေတယ်။ သယ်ယူပို့ဆောင်ရေးကအစ မလွယ်ကူဘူး။ အရေးပေါ် အသက်ရှင်သန်ရေးအတွက် လိုအပ်နေတာဆိုတော့ အစားအသောက်တစ်နပ်အတွက် စောင့်ခိုင်းလို့လဲမရနေဘူးလေ။ ပြီးတော့ ဒီရက်ပိုင်းတွေမှာ ကျမတို့ Kpay အကောင့်တွေ ပိတ်ခံထိထားတော့ ကြွေးမြီပြဿနာလေးတွေ နဲ့ ရင်ဆိုင်နေရတယ်။ ရာသီဥတု မမှန် ကန်မှု၊ ဆောင်းတွင်းဝင်လာတော့ အအေးဝင်လာတာရောဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရနေ တာတွေ အတွက် ကြိုးစားဆောင်ရွက်ပေးနေကြရတာပါ။
မေး ။ ။အစ်မတို့အဖွဲ့အနေနဲ့ စစ်ရှောင်ကူညီတဲ့လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခြားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုကွာခြားချက်ရှိတယ်လို့ ထင်ပါလဲ။
ဖြေ ။ ။ ကွာခြားချက်ကတော့ မရှိနေပါဘူး။ ဒါပေမဲ့ စစ်ရှောင်ကူကယ်နိုင်ဖို့အတွက် ရေရှည်အစီအစဥ်နဲ့ စိုက်ခင်း ဖော်ဆောင်ပြီး ရိက္ခာ ဖြန့်ဝေရေးလေးတွေ နဲ့ ပေါင်းစပ်လုပ်နေတာရှိတယ်။ ဒါက အားသာချက်တစ်ခုလို့ ပြောလို့ ရမယ်ထင်တယ်။ နောက်ပြီး လူသားစာနာ၊ ကျန်းမာရေး၊ ပညာရေး၊ တော်လှန်စိုက်ပျိုး၊ လူထုသပိတ်တိုက်ပွဲတွေ နဲ့ တော်လှန်ရေးမှာ ပါဝင်အားဖြည့် ဆောင်ရွက်ပေးနေခဲ့တာက လုပ်အား အားဖြင့် အားသာတယ်လို့ထင်ပါတယ် ။
မေး ။ ။ အခုအခြေအနေမှာ အမျိုးသမီးများ နဲ့ LGBT တွေ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာများကို ပြောပြပေးပါဦး။
ဖြေ ။ ။ ဒီဘက်ဒေသမှာ လိင်စိတ်ခံယူမှု ကွဲပြားခြားနားနေမှုအပေါ် ခွဲခြားဆက်ဆံခံကြရမျိုးတော့ မတွေ့ရဘူး။ LGBT တွေဆိုလဲ စုဖွဲ့မှု နဲ့ အလုပ်တွေ လုပ်လာကြတာ မြင်တွေ့လာရတယ်။ မသန်စွမ်းမို့၊ အမျိုးသမီး ဖြစ်နေခြင်းမို့ ဆိုတဲ့ ယဥ်ကျေးမှုအရ၊ သမရိုးကျ စည်းဘောင်တွေအရ၊ လူမှုရေးအရ ဘောင်ခတ်ခံရပြီး ချုပ်ချယ်ခြင်း၊ မသိလိုက် မသိဖာသာ အကြမ်းဖက်ခံနေရခြင်း၊ အရိုးစွဲနေတဲ့အယူဆတွေအကြား ထိုးဖောက်ထွက်ဖို့ အားနည်း နေခြင်းတွေက အနည်းနဲ့အများ ကြွင်းကျန်နေသေးတာတော့ ရှိပါသေးတယ်။
မေး။ ။ သူတို့(အမျိုးသမီးများ နဲ့ LGBT )တွေကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မလဲလို့ စဉ်းစားမိပါလဲ ။
ဖြေ ။ ။ ကျား/ မအခြေပြု အကြမ်းဖက်ခြင်း ဆိုင်ရာ အသိပညာပေးလေးတွေ၊ စုံလင်ကွဲပြားမှုတွေနဲ့ ပေါင်းစပ် ထားနိုင်မဲ့ ပလက်ဖောင်း တစ်ခုဖန်တီးထားနိုင်တာလေးတွေ ၊ အမျိုးသမီး စကားဝိုင်းတွေလုပ်ဆောင်ခြင်းလေးတွေ ဖြင့် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့တော့ ထင်ပါတယ် ။
မေး ။ ။ မတူညီတဲ့အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန်ယုံကြည်မှုများ ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်စေတဲ့ အကြောင်းအရင်းများကို ပြောပြပေးပါဦး။
ဖြေ။ ။ မတူညီတဲ့ အဖွဲ့အစည်းတွေအကြားမှာအပြန်အလှန်လုပ်နိုင်စွမ်း ၊ ကိုယ်ဆီ ဖေးမကူညီမှုတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ခြင်း၊ နားလည်ပေးခြင်းတွေလို့ ထင်ပါတယ်။
မေး။ ။ အစ်မတို့အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဘယ်လိုပုံစံမျိုးဖြင့် ပူးပေါင်းကူညီ စေချင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားသော ဖေးမကူညီမှုတွေ၊ ပြည်သူတွေ ရဲ့ အသံကို နားစွင့်ကာ အမှန်တရားဘက်မှာ ရပ်တည်ပေးဖို့၊ အကြမ်းဖက်ခြင်းအမျိုးအမျိုးကို တားမြစ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ရာမှာ ဝိုင်ဝန်းကူညီပေးစေချင်ပါတယ်။
မေး။ ။အခု မေးမြန်းခဲ့တဲ့မေးခွန်းတွေအပြင် တခြား ဖြည့်စွက် ပြောကြားချင်တာ ရှိရင် ပြောပြပေးပါဦး။
ဖြေ ။ ။ ပြည်သူတစ်ရပ်လုံးရဲ့ ပြည်သူ့တော်လှန်ရေးမို့ မုချအောင်မြင်မယ်။ လက်တစ်ကမ်း အလိုက ပန်းတိုင် အတွက် အထိအခိုက်နည်းပါးတဲ့ တော်လှန်ရေး နည်းနာများနဲ့ အဘက်ဘက်ကနေ ပုံဖော်တိုက်ပွဲဝင်ကြဖို့ လိုအပ်ပါမယ်။ အာဏာရှင်မှန်သမျှ မကျဆုံးနေသ၍ တော်လှန်ရေးနေ့တွေ အဆုံးမသတ်နေသေးဘူး ဆိုတဲ့ စိတ်နဲ့ မဆုတ်မနစ် ဆွဲကိုင်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်ရှင် ။
အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် MPA မှ ကျေးဇူးအများကြီးတင်ပါတယ်။