ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC) ဥက္ကဌ ကိုစောထွန်းနှင့် တွေ့ဆုံခြင်း
နိုဝင်ဘာ၁၃ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင်ကာ စခန်း သိမ်းတိုက်ပွဲများ ဆင်နွှဲလိုက်ပြီဖြစ်သည်။ယင်းသို့သော အခြေအနေတွင် စစ်ကောင်စီတပ်၏ ပြည်သူ များအပေါ်ပါ ပစ်မှတ်ထားတိုက်ခိုက်နေမှုများနှင့်ပတ်သက်၍ AASYC ဥက္ကဌ ကိုစောထွန်းကို MPA က တွေ့ဆုံမေးမြန်းထားသမျှ တင်ဆက်လိုက်ပါသည်။
မေး – ရခိုင်ပြည်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်မှာ ကုန်စည်စီးဆင်းမှုလမ်းပိုင်းတွေ ကိုဖြတ်တောက်လိုက်တာဟာ စစ်ကောင်စီက ရက္ခိုင့်တပ်တော် တင်မကပဲ ရခိုင်လူထုကိုပါ ဖြတ် ၄ ဖြတ် လုပ်တယ်လို့ ယူဆပါသလား။
ဖြေ – ကျနော်တို့ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားပြီး ကုန်စည်စီးဆင်းမှုတွေ၊လမ်းပန်းဆက်သွယ်ရေးတွေဖြတ်တောက်လိုက်တာက ဖြတ် ၄ ဖြတ်ဆိုတာထက် ကျယ်ပြန့်ပါတယ်။ရှေ့မှာရှိတဲ့ သာဓက အရ ဖြတ် ၄ ဖြတ်လုပ်တယ်ဆိုတာဟာ တစ်ဖက်အဖွဲ့အစည်းကို ရပ်တည်လို့မရအောင်၊ကျုံ့သွားအောင် ဖြစ်တည်မှုနဲ့ ရှင်သန်ရပ်တည်ရေးတွေကိုရပ်တန့်အောင်လုပ်တာပေါ့။ရခိုင်မှာ အခုဖြစ်တဲ့ပုံစံက စစ်ကောင်စီအနေနဲ့က သူတို့ရဲ့ တစ်ဖက်အဖွဲ့အစည်း(ရက္ခိုင့်တပ်တော်)ကို ဖြတ် ၄ ဖြတ်ပုံစံမျိုးနဲ့လုပ်ချင်တာထက် ရခိုင်လူထုကို အထိနာအောင် အကျပ်ရိုက်အောင် ပြည်သူကို ဒဏ်ခတ်တာ ဖိနှိပ်တာ ရိုက်ချိုးတာပါ။ တစ်ခေတ်တစ်ခါက ပဲခူးရိုးမ ကို ဖြတ် ၄ ဖြတ်လုပ်ခဲ့တာမှာလည်း ဆန် အရေအတွက်က အစ စိစစ်တယ်။ စပါးမြင်ရင် မီးရှို့တယ်။စစ်ကောင်စီက ရခိုင်ကို ပြည်မ ကနေဝင်လို့ရတဲ့ လမ်းတွေ အကုန်လုံးကိုပိတ်ပစ်တယ်။ဒါက ရခိုင်လူထုကို နွံထဲနစ်အောင် ဒဏ်ခတ်အရေးယူတယ်လို့မြင်ပါတယ်။မြန်မာစစ်အာဏာရှင်အစိုးရ အဆက်ဆက်က ရှေ့မှာ သုံးခဲ့တဲ့ အယူအဆတွေရှိတယ်။မင်းတို့က ငါတို့ အုပ်ချုပ်တဲ့ ယန္တရားအောက်မှာ အေးအေးဆေးဆေးနေ။ မင်းတို့ရဲ့ နိုင်ငံရေးလိုလားချက်တွေကို မြန်မာစစ်အာဏာရှင်တွေပေးထားတဲ့ ဥပဒေတွေ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံတွေ အောက်ကနေ အေးအေးဆေးဆေး တောင်းဆို။ဆူပူအုံကြွမှုတွေ၊လက်နက်ကိုင် ပုန်ကန်မှုတွေလုပ်မယ်ဆိုရင် မင်းတို့ဘက်က အဲ့လိုလုပ်မယ်ဆိုရင်။မင်းတို့ က စစ်ကိုခေါ်ရင် ငါတို့ကစစ်ကို ပြန်ပေးရမယ်ဆိုတဲ့သဘောတရားတွေပေါ့။စစ်ဖြစ်ပြီဆိုရင် မင်းတို့ရခိုင်ပြည်သူတွေပဲ ဒုက္ခရောက်မှာဆိုတဲ့ အယူအဆတွေ အသုံးအနှုန်းတွေကို တောက်လျှောက်ကိုင်စွဲပြီးလုပ်လာတာ။ဖြတ် ၄ ဖြတ်လုပ်သလားဆိုတာထက် ကျနော်တို့ ရခိုင်ပြည်သူတွေကို အကျပ်ရိုက်အောင် ဒဏ်ပေးလုပ်ငန်းစဥ်အဖြစ်ဖော်ဆောင်တယ်လို့ မြင်ပါတယ်။
မေး – ရခိုင်မှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတွေ အသတ်ခံရတာ၊အဖမ်းဆီးခံရတာ ဘယ်လောက်ရှိပြီလဲ။
ဖြေ- ကျနော်တို့သိရှိရတဲ့ ကျူးလွန်ခဲ့သူတွေက အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့တာဖြစ်တယ်။ဒီချိုးဖောက်မှုတွေကို ကျနော်တို့ စောင့်ကြည့်တဲ့အနေအထားမှာကိုက တစ်ရက်မပြည့်ခင်မှာပဲ ၅၀ ကျော်ကျော်လောက်ရှိနေပြီ။ကျနော်တို့မသိနိုင်တာတွေလည်းရှိနိုင်တယ်။ဒီကိစ္စတွေက ဘာကြောင့်ဖြစ်ရလည်းဆိုရင် လက်နက်ကိုင်တိုက်ပွဲဖြစ်လာပြီဆိုတာနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေက ဒွန်တွဲပါလာတာကို အစကတည်းက သိထားပါတယ်။ကြိုပြီးတော့လည်း တွက်ထားတယ်။အခုဖြစ်တဲ့သဘောက အရပ်သားပြည်သူတွေကို ပိုပြီးတော့ ပစ်မှတ်ထားတဲ့သဘောတွေကို သုံးသပ်ကြည့်ရသလောက်ဆိုရင် မြန်မာစစ်တပ်ရဲ့ ကိုင်စွဲတဲ့သဘောက စစ်ဦးမှာ ဘီလူးပါရမယ်ဆိုတဲ့သဘောပေါ့ဗျာ။အခုဖြစ်တဲ့ အနေအထားက တစ်ဖက်အဖွဲ့အစည်းကို ချိုးနှိမ်တာမဟုတ်ပဲ ရခိုင်လူထုတစ်ရပ်လုံးကို ရိုက်ချိုးပြီး အကြောက်တရားရိုက်ထည့်တာဖြစ်တယ်။ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို အာဏာသိမ်းစစ်တပ်ဟာ ပြည်သူကို ရန်သူလိုသဘောထားတာဖြစ်တယ်။
မေး- စစ်ပွဲ၏ နောက်ဆက်တွဲ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ။ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းနိုင်မလဲ။
ဖြေ – ရခိုင်ဒေသက ပထဝီအနေအထား၊လူမှုစီးပွားအရ ကုန်စျေးနှုန်းကြီးမားတယ်။နှစ်ကာလ များစွာ ဖိနှိပ်ထားတာကြောင့် ဖွံ့ဖြိုးမှုအခွင့်အလမ်းနည်းတာလည်းပါတယ်။ကုန်စျေးနှုန်းကြီးမြင့်မှုက ကျနော်တို့ဒေသက အခြားဒေသထက်ပိုတဲ့ စျေးနှုန်းမှာရှိတယ်။ရှေ့မှာလည်း၂၀၂၀မတိုင်ခင်ကတည်းက တိုက်ပွဲတွေတောက်လျှောက်ဖြစ်တယ်။ပိတ်ဆို့အရေးယူမှုဒဏ်တွေခံခဲ့ရတယ်။အဲ့ဒီကတည်းက ပုံစံအမျိုးမျိုးနဲ့ ကုန်စျေးနှုန်းကြီးလာတယ်။ဒီကြားထဲမှာ ကိုဗစ်-၁၉ လို လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်မှုတွေလည်း တောက်လျှောက်ကြုံခဲ့ရတယ်။နိုင်ငံရေးအကျပ်အတည်းတွေ တောက်လျှောက်ကြုံရတယ်။ပထဝီအနေအထားရ ဒေသအခြေအနေအရ ကုန်စည်စီးဆင်းမှုက နည်းနည်းအခက်အခဲရှိတဲ့ အနေအထားမှာလည်းဖြစ်တယ်။အဲ့လိုအနေအထားမှာ တိုက်ပွဲ ဝုန်းခနဲ စဖြစ်ပြီဆိုတာနဲ့ စစ်ကောင်စီ က ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ၊တစ်မြို့နယ်နဲ့တစ်မြို့နယ်ကြားမှာ လမ်းပန်းဆက်သွယ်ရေးတွေကိုဖြတ်တောက်လိုက်တာဟာ ကုန်စျေးနှုန်းကြီးမယ်ဆိုတာ အစကတည်းက သိပြီးသားဖြစ်တယ်။သိသိကြီးနဲ့လုပ်တာလည်းဖြစ်တယ်။တစ်ဖက်အဖွဲ့အစည်းရဲ့ထောက်တိုင်တွေကို ရိုက်ချိုးချင်တယ်ဆိုတာထက် ကျနော်တို့ရခိုင်ပြည်သူတွေ ဘေးဥပဒ်ဖြစ်အောင် အကျပ်ရိုက်အောင်၊တိုက်ပွဲတွေဖြစ်လို့ ကုန်စျေးနှုန်းတွေ တက်ရတယ်ဆိုတဲ့ အတွေးအခေါ် ရိုက်သွင်းတဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။အဓိက လုပ်တာကတော့ စစ်ကောင်စီ နဲ့ပဲ သက်ဆိုင်ပါတယ်။ခုလို ကုန်စည်စီးဆင်းမှုကို ဖြတ်တောက်လိုက်တဲ့အခါကြတော့ ဝယ်လိုအားက တစ်ဖက်မှာရှိနေတယ်။အခုလို စစ်ပွဲဂယက်ကြောင့် ဝယ်လိုအားမြင့်တက်လာတာရှိသလို ရောင်းလိုအားကို နောက်က ပံ့ပိုးပေးဖို့ လမ်းကြောင်းတွေကပိတ်ကုန်တော့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ရောင်းလိုအားကို ထိန်းချုပ်တာလည်းရှိနိုင်တယ်။ဒါကြောင့် တဖက်မှာ ဝယ်လိုအားက မြင့်လာတယ်။ဒီကြားထဲမှာ ဝယ်လိုအားကို ရရှိဖို့အတွက် စျေးမြှင့်ပြီးဝယ်တာတွေလည်းရှိနိုင်တယ်။တချို့သောစီးပွားရေးသမားတွေကလည်း ကုန်စျေးနှုန်းကို တင်ပြီးရောင်းနေကြတာရှိနိုင်တယ်။စီးပွားရေးသမားက စီးပွားရေးအတွေးတွေးမှာပဲ။အခြေခံလူတန်းစားကလည်း သူတို့ရှုထောင့်ကနေ တွေးမှာပဲ။ကျနော်တို့ ဒီဟာကို သူ့နေရာကိုယ့်နေရာစဥ်းစားကြည့်ရင် ကုန်သည်တွေကရော သူတို့ပစ္စည်းတွေကို မရောင်းဘဲနေလို့ရမလား။ဒါကို အပြစ်လို့ရော မြင်လို့ရမလားပေါ့။တစ်ဖက်မှာလည်း အခြေခံလူတန်းစားဘက်ကို ကြည့်ဖို့လိုတယ်ပေါ့ဗျာ။ဒါတွေကို အပြစ်တင်တာ၊ဝေဖန်တာ မစောဖို့တော့လိုတာပေါ့ဗျာ။ခုလို ကုန်စျေးနှုန်းကြီးတာတွေက ခေတ်အဆက်ဆက်မှာ အာဏာရှင်အစိုးရအဆက်ဆက်က သူတို့ရဲ့ဖြေရှင်းလို့မရတဲ့ ပြသနာတွေကို စီးပွားရေးသမားဓနရှင်တွေကို အပြစ်ဖို့လိုက်တာမျိုးရှိတယ်။အာဏာပိုင်အစိုးရအဆက်ဆက်ရဲ့ ပြဿနာတွေကို သူတို့ဖြေရှင်းလို့မရတဲ့ အခါ စီးပွားရေးသမားတွေဘက်ကို လှည့်ပေးတာမျိုးရှိတယ်။စီးပွားရေးသမားတွေကြောင့် အပြစ်ပုံချဖို့ ဆန္ဒမစောဖို့သလို ပြည်သူတွေရဲ့လိုလားချက်တွေကိုလည်း စဥ်းစားကြည့်ဖို့လိုတယ်။အခု ရခိုင်မှာ ဒါတွေကို ဆင်ချင်သုံးသပ်ဖို့လိုတယ်။ဖြစ်စဥ်တွေအကုန်လုံးကိုခြုံငုံသုံးသပ်ကြည့်ရင်တော့ စစ်ကောင်စီရဲ့လုပ်ရပ်က အဓိကအချက်ဖြစ်တယ်။
မေး – နိုင်ငံရေးအခင်းအကျင်းသစ်ဖြစ်တဲ့ နွေဦးတော်လှန်ရေးကိုရော AASYC အနေနဲ့ဘယ်လိုရှုမြင်သုံးသပ်သလဲ။
ဖြေ – AASYC အနေနဲ့ နွေဦးတော်လှန်ရေးကို ဘယ်လိုသုံးသပ်လဲဆိုရင် ရှေ့မှာ နှစ်ပေါင်း ၇၀ လောက်တိုက်လာတဲ့ တော်လှန်ရေးနဲ့ လက်ရှိဖြစ်နေတဲ့ တော်လှန်ရေးမှာ အားသာချက်တွေ၊ မျှော်လင့်ချက်တွေ အများကြီးပါတယ်။နွေဦးတော်လှန်ရေးဆိုတာက ၂၀၂၁ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကျော် ၃ နှစ်မပြည့်ခင် ကာလဆိုပေမဲ့ အားသာချက်တွေ မျှော်လင့်ချက်တွေ ရောင်နီတွေ တွေ့ရတယ်။တစ်ခါတည်းပြောရရင် လက်ရှိနွေဦးတော်လှန်ရေးဟာ ရှေ့မှာ နှစ်ပေါင်း ၇၀လောက်တိုက်လာတဲ့ တိုင်းရင်းသားတွေရဲ့တော်လှန်ရေးတွေ၊လူထုလှုပ်ရှားမှုတွေ ပြီးတော့ ဗမာပြည်မ မှာရှိတဲ့လူတန်းစားတိုက်ပွဲတွေက ပြန်ပြီးချိန်ကြည့်တဲ့အခါကြတော့ အဲ့ဒီ ၂ ခုကိုပေါင်းကူးနိုင်တယ်။အပြန်အလှန်နားလည်မှုနဲ့ချိတ်ဆက်နိုင်တဲ့ ဆုံမှတ်တစ်ခုလို့မြင်တယ်။ဖက်ဒရယ်အရေးတောင်းဆိုမှုတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းရေးတွေ နွေဦးတော်လှန်ရေးမှာ အကုန်ပါတယ်ပေါ့ဗျာ။ဒါဟာကောင်းတဲ့ အခင်းအကျင်းသစ်တယ်လို့ သုံးသပ်ပါတယ်။
မေး – ဒီကနေ့ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု ပေါ်ပေါက်ရေးအဆက်အစပ်ကို ရောကို ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ – ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အာမခံချက်ရှိသလားဆိုတဲ့အပေါ် ကျနော်တို့ နည်းနည်းလေး ပိုပြီးဆွေးနွေးရမယ်လို့ထင်ပါတယ်။ဒီတော်လှန်ရေးမှာ ပါဝင်ပတ်သတ်နေတဲ့အဖွဲ့အစည်းတွေ လူမျိုးစု သို့မဟုတ် လူမျိုးစုခေါင်းဆောင်တွေ ဒီမှာ ပါဝင်ပတ်သတ်နေတဲ့ Stakeholders တိုင်းအနေနဲ့ ဒီအပေါ်မှာ တကယ်ကို လိုလိုလားလားနဲ့ ယုံယုံကြည်ကြည် ရှိကြလားဆိုတာ မူတည်တယ်။ရှေ့မှာလည်း သာဓကတွေအများကြီးရှိတယ်။အာဏာသိမ်းမှုတွေဖြစ်တယ်။လူထုလှုပ်ရှားမှုတွေဖြစ်တယ်။နယ်စပ်ဒေသကိုတိမ်းရှောင်လာကြတယ်။သဘောတူညီချက်တွေ၊အနာဂတ်မျှော်ရည်ချက်တွေ နောက်ဆုံးဖွဲ့စည်းပုံတွေ ရေးဆွဲကြတဲ့အထိ လုပ်ခဲ့ကြတယ်။ပြီးတော့ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီဆိုရင် ဒီဟာတွေက ဒီအတိုင်းကျန်ခဲ့တဲ့ အနေအထားတွေအဖြစ်ကျန်ခဲ့တာ ရှေ့မှာ အများကြီးရှိတယ်။ဒီဟာတွေက ပြန်ပြီး ကောက်နုတ်နေရတဲ့အနေအထားပေါ့ဗျာ ။လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးကိုအခြေတည်ပြီးဖြစ်ကြတာဖြစ်တယ်။စစ်ဟူသမျှမှာတော့ နိုင်ငံရေးဦးဆောင်မှုလိုတယ်။လက်ရှိကျနော်တို့တိုက်နေကြတယ်။ဘုံရန်သူ ကိုတိုက်နေကြတယ်ဆိုတဲ့အနေအထားမှာ ကျနော်တို့ တစ်မျိုးသားလုံး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ညီညွတ်နိုင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံရှိပြီလား။နိုင်ငံရေးလမ်းပြမြေပုံ သို့မဟုတ် နိုင်ငံရေးသဘောတူညီချက် ဒါတွေ ခိုင်ခိုင်မာမာ ရှိပြီလားလို့ ပြန်ပြီး မေးခွန်းထုတ်ကြဖို့လိုတယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ဖို့ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ တိုက်ကြဖို့ကတော့ နိုင်ငံရေးလမ်းပြမြေပုံ သို့မဟုတ် နိုင်ငံရေးသဘောတူညီချက်တွေရှိနေကြပြီလား ပြန်ကြည့်ဖို့လိုပါတယ်။တစ်ဖက်မှာလည်း သုံးသပ်ကြတာကတော့ အပြုသဘောဆောင်ပြီး ကြည့်မယ်ဆိုရင်တော့ ဖက်ဒရယ်ချာတာမျိုးက နိုင်ငံရေးသဘောတူညီမှုလို့ ကောက်ယူရင် ရရင်ရနိုင်တာပေါ့ဗျာ။ဒါပေမဲ့ ရှေ့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ကျော်လောက်က ဖွဲ့စည်းပုံရှိနေတာကိုတောင် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်ကျန်နေခဲ့တဲ့အနေအထားပေါ့။ဒီအချိန်မှာ ဘုံရန်သူကိုတိုက်ကြတယ်ပေါ့ဗျာ။ဆန္ဒအားဖြင့် တူညီကြပါတယ်။ဒါပေမဲ့ လုပ်နည်းလုပ်ဟန်အားဖြင့် အတွေအခေါ်အားဖြင့် အဆင်သင့်မဖြစ်သေးတဲ့အနေအထားလို့ မြင်တယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာ အမျိုးသားတန်းတူခွင့်နဲ့ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့် ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်တယ်။အမျိုးသားတန်းတူရေးဆိုတာ အခြေခံအားဖြင့်ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်က မြင်တာက တကယ်တမ်းတိုင်းရင်းသားတွေနဲ့ ဗမာတော်လှန်ရေး အင်အားစုတွေကြားမှာ ဗမာပြည်နယ်ဖွဲ့စည်းရေး ဟာခုချိန်ထိနှေးကွေးနေတယ်။လိုလိုလားလားနဲ့ဖော်ဆောင်ဖို့ နောက်ကျနေတယ်။ဒီဟာတွေက တကယ်တမ်းကျရင် ကိုယ့်အတွင်းထဲမှာ နိုင်ငံရေးဦးဆောင်မှုတို့ နိုင်ငံရေးလမ်းပြမြေပုံတို့ နဲ့တိုက်ရိုက်အချိုးကျ ဆက်စပ်နေတယ်။တကယ်တမ်း အနာဂတ်ပြည်ထောင်စုမှာ ဒီဟာမျိုးတွေမရှိဘူးဆိုရင် အမျိုးသားတန်းတူရေးနဲ့ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့် ဆိုတာက ကျနော်တို့ လေထဲမှာပဲကျန်ခဲ့မယ့် ကိစ္စဖြစ်တယ်ပေါ့ဗျာ။ဒီအချက်တွေကို ကျနော်တို့ ပြန်ပြီးကြည့်ဖို့လိုတယ်။ဒါတွေက လက်ရှိတော်လှန်ရေးတိုက်ပွဲတွေက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အာမခံချက်ရှိလားဆိုတဲ့ဟာမျိုးကို တစ်ချက်ချင်းပြန်ကြည့်ဖို့လိုတယ်။ပြန်ချုပ်ရရင် နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက ဖွဲ့စည်းပုံFCDCCတို့ရှိခဲ့တယ်။လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကဆိုရင် UNFC ရဲ့ ဖက်ဒရယ်ဆိုင်ရာမူဝါဒတွေ အများကြီးရှိခဲ့တယ်။အဲ့လောက်ထိ ကျနော်တို့ပြင်ဆင်ဖွဲ့စည်းခဲ့ကြတယ်ဆိုပေမဲ့လည်း တကယ်တမ်း နိုင်ငံရေးအရွှေ့အပြောင်း၊ အကူးအပြောင်း ကူးချီသန်းချီကာလမှာ တချို့က အဲ့ဒီသဘောတူညီချက်တွေကို ပစ်ပြီး ကိုယ့်မြင်းကိုယ်စိုင်းပြီး ကိုယ့်အကျိုးစီးပွားအတွက် ရပ်တည်လုပ်ဆာင်ကြတဲ့ ဓလေ့တွေကလည်းရှေ့မှာ အများကြီးကြုံခဲ့ရတဲ့ သာဓက တွေရှိပါတယ်။အရှေ့မှာပြောခဲ့သလိုပေါ့ဗျာ တကယ်တမ်းအမျိုးသားတန်းတူရေးရှိပြီလား။လက်တွေ့အားဖြင့် ၊အတွေးအခေါ်အားဖြင့် ကျင့်သုံးမဲ့ ဆန္ဒတွေရှိကြလား ။တကယ်တန်းအမျိုးသားတန်းတူရေးကိုလိုလားသလား။ဒါတွေကို ပြန်ကြည့်ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အာမခံချက်ရှိလား မရှိလား ဆိုတာ ဒီမှာပါဝင်ပတ်သတ်နေတဲ့ Stakeholder တွေက စေတနာမှန်ကြလား။အတွေးအခေါ်အားဖြင့် ဆန္ဒအားဖြင့် လက်တွေ့အားဖြင့်ရက်ရောကြလား၊ စေတနာမှန်ကြလားဆိုတဲ့ အချက်အလက်တွေကို အခြေခံပြီး ပိုင်းဖြတ်ရမဲ့ အာမခံချက်တစ်ခုဖြစ်ပါတယ်လို့ကျနော်ပြောရင်းနဲ့ ဒီလောက်ပဲ နိဂုံးချုပ်ပါတယ်။