စစ်ရေးတင်းမာနေသောရခိုင်တွင် အကြမ်းဖက်စစ်တပ်က လက်နက်၊ ရိက္ခာ၊ တပ်အင်အားအပြောင်းအရွှေ့များအတွက် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံဆိပ်ကမ်းကို အဓိကအသုံးပြုနေကြောင်း ဒေသခံမျက်မြင်များကပြောသည်။
” အရင်ကတော့ စစ်တွေဖောင်တော်ကြီးကို လက်နက်နဲ့ရိက္ခာတွေ သယ်ဖို့အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းတော့ နယ်စပ် ကုန်သွယ်ရေး စခန်းရှိတဲ့ ရွှေမင်းဂံဆိပ်ကမ်းကိုပဲ အဓိကအသုံးပြုလာပါတယ် ” ဟု စစ်တွေမြို့ခံတစ်ဦးက MPA သို့ပြောသည်။
အဆိုပါရွှေမင်းဂံဆိပ်ကမ်းတွင် အကြမ်းဖက်စစ်တပ်၏ ရေတပ်သင်္ဘောများ၊ ကမ်းတက်ရေယာဥ်များ၊ ကင်းလှည့် ရေယာဥ် အများအပြား ဆိုက်ကပ်ထားကြောင်းလည်း ဒေသခံများက ဆိုသည်။
” စစ်တွေရွှေမင်းဂံဆိပ်ကမ်းကနေ ကားလမ်းအတိုင်း စစ်တွေဒကစကို သယ်ပို့လုပ်ပါတယ်။ အဲဒီကနေတဆင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဖက်ကိုတဆင့်ပြန်သယ်ကြပါတယ်။ နောက်ပြီး အဲဒီဆိပ်ကမ်းကတဆင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပလက်ဝဖက်ကို ရေကြောင်းကသယ်ပို့လုပ်ပါတယ် ” ဟု ရွှေမင်းဂံဆိပ်ကမ်းတွင် တာဝန်ကျနေသည့် လုံခြုံရေးအရာရှိတစ်ဦးက MPA သို့ပြောသည်။
ထိုရွှေမင်းဂံဆိပ်ကမ်းမှာ စစ်တွေမြို့မှ တဖက်ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ တရားဝင်နယ်စပ်ကုန်သွယ်ရေး တင်ပို့နေသော ဆိပ်ကမ်းကြီး တစ်ခုဖြစ်ပြီး ထိုဆိပ်ကမ်းအနီးတွင် အကြမ်းဖက်စစ်တပ်က ရေတပ်စခန်းတစ်ခုကိုလည်း အခိုင်အမာတည်ဆောက်နေကြောင်း မျက်မြင်များက ဆိုသည်။
” ဒီဆိပ်ကမ်းက အေအေနဲ့ အရင်တုန်းက ပွဲဖြစ်ခဲ့ချိန်ကတည်းက အသုံးပြုခဲ့ပေမယ့် ခုနောက်ပိုင်းအဓိကအသုံးပြုလာပါတယ်။ အေအေနဲ့တိုက်ပွဲဖြစ်ပြီးနောက်မှာ အဲဒီဆိပ်ကမ်းနားမှာ ရေတပ် တပ်ရင်းတစ်ခုကို အခိုင်အမာတည်ဆောက်နေပါတယ် ” ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
ထိုဆိပ်ကမ်းမှာ ကုလားတန်မြစ်ကမ်းရှိ မင်းဂံချောင်းဝနားတွင်တည်ရှိနေသဖြင့် လေမုန်တိုင်းစသည့် သဘာဝ ဘေးအန္တရာယ်များ အတွက် စိတ်ချရပြီး ရေကြောင်းဆက်သွယ်ရေးအရ အလွန်အရေးပါသောနေရာဖြစ်ကြောင်းလည်း ဒေသခံများက ရှင်းပြကြသည်။
” အေအေနဲ့တိုက်ပွဲတွေပြင်းထန်တုန်းက စစ်တွေဆတ်ရိုးကျချောင်းဝမှာ နေဗီ(Navy)ကို အေအေဖက်က လျှော့တိုက်ဒုံး နဲ့ပစ်ခဲ့တာရှိပါတယ်။ အဲဒီကတည်းက ရွှေပြည်သာနဲ့ကျေးတောလမ်းဆုံကဆေးခန်းမှာ စစ်သားနဲ့ရဲတွေ စခန်းချနေထိုင်ကြပါတယ်။ နောက်ပြီး ကျေးတောပိုက်ဆိပ်စာသင်ကျောင်းမှာ စစ်သားတွေအထိုင်ချထားပြီး လမ်းကြောင်းအတွက် လုံခြုံရေးယူပီးထားပါတယ် ” ဟု စစ်တွေမြို့ခံတစ်ဦးကဆိုသည်။
ထိုဆိပ်ကမ်းမှ လက်နက်၊ ရိက္ခာနှင့် စစ်သည်အပြောင်းအရွှေ့ကို ယခုနှစ်အတွင်း ပုံမှန်ပြုလုပ်နေပြီး ယခုမေလအတွင်း နေ့စဥ် စစ်ကားကြီး အစီးရေရာဂဏန်းထိရှိနေကြောင်းလည်း မျက်မြင်များက ဆိုသည်။
” ဒီလအတွင်း စစ်ကားကြီးတွေက နေ့ရော ညပါ နေ့တိုင်း အချိန်တိုင်းလိုလို အသွားအပြန်လုပ်နေပါတယ်။ အများအားဖြင့် လက်နက်၊ ရိက္ခာတွေသာပါပေမယ့် ဒီလထဲမှာ စစ်သားတွေအပြည့်သွားလာနေကြတာကိုလည်း တွေ့ရပါတယ် ” ဟု စစ်တွေ အဝေးပြေး ကားဂိတ်အနီးရှိ ဒေသခံတစ်ဦးက MPA သို့ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုပြင်းထန်နေပြီး မေလ ၂၆ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အဘောင်သားကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့မှာ ရခိုင်တစ်ပြည်လုံးရှိ နေရာအနှံ့အပြားတွင် နှစ်ဖက်မျက်နှာချင်းဆိုင် အသင့်အနေအထား စောင့်ကြည့်နေကြကြောင်းလည်း ဒေသခံမျက်မြင်များက ဆိုသည်။