ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံကျေးရွာအရှေ့ဖက်ကမ်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၁၁ ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုများကြောင့် ISS (Infantry – Southern Shan )တပ်ဖွဲ့ဝင်များအတွက် စားနပ်ရိက္ခာများစွာ လိုအပ်နေကြောင်း သိရသည်။
ထိုတိုက်ပွဲများသည်မေလ ၁၃ ရက်နေ့ခန့်တွင်စတင်ဖြစ်ပွားခဲ့ပြီး ယခုထိတိုင် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
“တိုက်ပွဲတွေကတော့နေ့စဉ်ဖြစ်နေတာပါ လိုင်းမမိတဲ့နေရာတွေရောက်နေတာတွေကြောင့် သတင်းတွေမတင်ဖြစ်တာပါ။စစ်ကောင်စီက နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ပစ်တာရယ်၊ လေယာဉ်တွေနဲ့ ဗုံးလာကြဲတာတွေကြောင့် အခုဆိုရင် ကျွန်တော်တို့စခန်း ၃လုံး မီးလောင်သွားပြီ ” ဟုISS (Infantry – Southern Shan ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့ကြောင့် စခန်းသစ်များဆောက်လုပ်ရန်အတွက် အမိုးအကာများလိုအပ်နေကြောင်း၊ စားနပ်ရိက္ခာစရိတ်နှင့် ကားဆီ၊ ဆိုင်ကယ် ဆီများကို ရဲဘော်များကသာ အိတ်စိုက်ပြီး လုပ်ဆောင်နေရသောကြောင့် ရေရှည်တွင် အဆင်မပြေနိုင်ကြောင်းကိုလည်း အဆိုပါ တပ်ဖွဲ့ဝင်က ရှင်းပြသည်။
ယခုလိုရေရှည်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ရဲဘော်များ လက်နက်ခဲယမ်းမလုံလောက်မှုများ ဖြစ်ပွားလာနိုင်ပြီး ရရှိထားသောအလှူငွေများမှာလည်း ကျည်များဝယ်ယူနိုင်ရန် မလောက်ငှသေးကြောင်းနှင့် လက်နက်စျေးများလည်း မြင့်တက်လာမှုကြောင့် အလှူရှင်များစွာ လိုအပ်နေကြောင်း ၄င်းကဆိုသည်။
ထပ်မံ၍ လက်နက်မရှိသော နောက်တန်းတွင်ကျန်ခဲ့သည့် ရဲဘော်များနှင့်ရဲမေများအား နေပူထဲ ၊မိုးရွာထဲနေရချိန်တွင် နေရာထ်ိုင်ခင်းများ အဆင်ပြေအောင် KNDFBO2,3,11တပ်ဖွဲ့ဝင်များကသာ ကူညီပေးခဲ့ရသည်ဟု အဆိုပါတပ်ဖွဲ့ဝင်က ပြောသည်။
မိမိတို့တပ်ဖွဲ့ဝင်များသည် NUG နှင့် MODလက်အောက် တရားဝင်တပ်ရင်းများဖြစ်ကြောင်းနှင့် အထက်က လက်နက် တပ်ဆင်မှုများကို စောင့်မျှော်နေဆဲဖြစ်ကြောင်းနှင့် မိမိတို့တွင် တန်ဖိုးကြီးလှသောစခန်းများနှင့် ရဲဘော်များစွာကိုလည်း ဆုံးရှုံးထားရပြီး လက်နက်ခဲယမ်းများအတွက် အလှူရှင်များ၏အကူညီများ လိုအပ်နေကြောင်းကိုလည်း ပြောကြားထားသည်။
ထိုတိုက်ပွဲများကြောင့် ဖယ်ခုံကျေးရွာအနီးနားရှိ ပြည်သူများမှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်းသိရသည်။