တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားကြီးထွားလာမှုကို ပိတ်ပင်သွားမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြီးခဲ့သည့် ကြာသပတေးနေ့က ထုတ်ပြောသည်။
သို့သော် တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရန်လိုပြီး ၎င်းတို့၏ ပြည်သူလူထုအတွက် အကျိုးစီးပွားတိုးတက်မှုများကို ပိတ်ပင်သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က ပဋိပက္ခ ဒါမှမဟုတ် စစ်အေးတိုက်ပွဲသစ်ကို မရှာဖွေပါဘူး။ နှစ်ခုစလုံးကို ရှောင်ရှားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု အန်တိုနီဘလင်ကန်က George Washington တက္ကသိုလ်တွင် ပြောကြားခဲ့သည့် ၄၅ မိနစ်ကြာ မိန့်ခွန်းတွင် အသိပေးခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းထားပြီး အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံများအတွက် ပေါင်းစည်းနိုင်စေမည့် နိုင်ငံတကာဥပဒေ၊ အဖွဲ့အစည်းများကို ခုခံကာကွယ်မည်ဟု ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်နိုင်ငံကို စစ်ရေးအရ အရေးယူရန် အဆင်သင့်ရှိပြီး ထိုင်ဝမ်ကျွန်းကို သဘောတူထားချက်များအတိုင်း ကာကွယ်သွားမည်ဟု ၎င်း၏ ဂျပန်ခရီးစဉ်တွင် ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးသည် သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင် ပိုမိုဆိုးရွားလာခဲ့ပြီး ၎င်း၏အုပ်ချုပ်မှုသက်တမ်း ဆယ့်ခုနစ်လတွင် နိုင်ငံခြားရေးမူဝါဒ စောင့်ကြည့်သူအချို့၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။