တနင်္သာ ရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာတွင် တပ်စွဲထားသည့် ပျူစောထီးခေါင်းဆောင် ကိုဇော်အိမ်ကို ပြည်သူ ကာကွယ်ရေးတပ် သုံးဖွဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးဖွဲ့ (DDT-တပ်ခွဲ ၃) က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ မေလ ၁ရက်၊ နံနက် ၁နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT-တပ်ခွဲ၃)၊ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ (DGRF) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ (LLPDF) တို့က သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မနေ့က သွားတိုက်တာ။ ပျုစောထီးခေါင်းဆောင် ကိုဇော်အိမ်မှာ ပျူစောထီးတွေတပ်စွဲထားတဲ့ သတင်းရလို့သွားတိုက်တာ။ သူတို့ဘက်က အထိအခိုက်ရှိတယ်”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ (တပ်ခွဲ၃) (DDT)၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“သူတို့ဘက်က ဘယ်နှစ်ယောက်ထိလဲတော့မသိရသေးဘူး။ ကျွန်တော်တို့ဘက်က တစ်ယောက်ထိတယ်။ မစိုးရိမ်ရပါဘူး”ဟု သူက ဆက်ပြောသည်။
အထက်ပါ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုရှိကာ ထိတွေ့မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ့ ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပန်းဒလဲကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များလာရောက်ကာ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူ ရှိမရှိ မသိရသေးကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ပစ္စတိုသေနတ်ကိုင်ပြီး ဈေးသည်များဆီမှဆတ်ကြေးကောက်နေသည့် ပန်းဒလဲရွာမှ ပျုစောထီး သန်းသန်းတင့်ကို ရွာလမ်းမပေါ်တွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့ (တပ်ခွဲ၃)(DDT) မှ ကျည်လေးချက်ပစ်ပြီး ရှင်းလင်းခဲ့ သေးသည်။