မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကေအဲန်ယူတပ်မဟာ(၁)နယ်မြေ ဝင်းတာပန်ကျေးရွာတွင် ယမန်နေ့ မေလ၁ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေယာဉ်၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း နှင့် လူနေအိမ်သုံးလုံး မီးလောင်ပျက်ဆီးသွားသည်ဟု ဒေသခံများထံမှသိရသည်။
ယမန်နေ့ မေလ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီ၌ ဝင်းတာပန်ကျေးရွာအတွင်း ပထမအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲမှုများပြုလုပ်ခဲ့သော်လည်း နေအိမ်များ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ထွက်ခွာသွားပြီး ထပ်မံ၍ နေ့လည် ၁ နာရီကျော်ခန့်တွင် ထပ်မံရောက်ရှိလာပြီး ဗုံးကြဲမှုများပြုလုပ်ခဲ့သောကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း မီးလောင် ပျက်ဆီးသွားကြောင်းသိရသည်။
“အခုလို လေယာဥ်နဲ့ဗုံးလာကြဲတာ အဲဒါနဲ့ဆိုရင် ဒုတိယအကြိမ်မြောက်ရှိပြီ၊ ပထမ တစ်ကြိမ် လေယာဉ်နဲ့ လာကြဲတုန်းက ထိခိုက်မှုတွေမရှိဘူး။ အခု ဒုတိယအကြိမ်လာကြဲတော့ ရွာသားတွေရဲ့ နေအိမ်တွေ ပျက်စီးကုန်တယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး ’’ ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။
ထိုသ်ို့ စစ်ကောင်စီမှ လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာပြည်သူများမှာ ကြောက်လန့်ပြီး ဝင်းတာပန် နှင့် နီးစပ်ရာ ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“လေးကေတိုက်ပွဲဖြစ်ကတည်းက အဲ့ရွာတွေဘက်မှာ ဖုန်းလိုင်းတွေဖျက်ထားတယ်။ ခုထိပဲ။ အရင်ကဆိုရင် ရွာထဲမှာ ရွာသားအချို့ ရှိသေးတယ်။ အခုဆိုရင် ရွာထဲမှာ တစ်ယောက်မှမရှိကြတော့ဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဧပြီလ ၂၃ ရက်နေ့တွင် သထုံခရိုင်ရှိ ဝင်းတာပန်ကျေးရွာ နှင့် လေးကေစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်
များက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဝါးဘိုးတော ၊ ညောင်ကုန်း နှင့် ပိန္နဲတောရွာတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ကေအဲန်ယူနယ်မြေ သထုံခရိုင်၊ ဘီးလင်းမြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA / KNDO တပ်ဖွဲ့များ အကြားစစ်ရေးတင်းမာမှုကြောင့် သထုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နေရသည့်ပြည်သူများ
၇, ၀၀၀ နီးပါးရှိနေပြီ ဖြစ်ကြောင်းသိရသည်။
#ဘီးလင်း#တပ်မဟာ၁#ဝင်းတာပန်#ဗုံးကြဲ#နေအိမ်#မီးလောင်