ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP နှင့် မလေးရှားအစိုးရပိုင် ရေနံကုမ္ပဏီ Petronas တို့သည် မြန်မာပိုင် ရဲတံခွန်သဘာဝဓာတ်ငွေ့ စီမံကိန်းမှ နုတ်ထွက်ပြီဖြစ်ကြောင်း ကုမ္ပဏီများက ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်၊ သောကြာနေ့နှောင်းပိုင်းက ကြေညာလိုက်သည်။
ယင်း ကုမ္ပဏီနှစ်ခုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ နောက်ဆုံး နုတ်ထွက်မည့် စွမ်းအင်ကုမ္ပဏီများ ဖြစ်လာသည်။
အစောပိုင်းတွင် ဥရောပ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Chevron နှင့် Total ကဲ့သို့ ကုမ္ပဏီကြီးများသည်လည်း မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နုတ်ထွက်ခဲ့ကြသည်။
ထိုင်းအစိုးရပိုင် PTTEP ရေနံကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်းသည် နိုင်ငံ၏စွမ်းအင်လုံခြုံရေး ပံ့ပိုးပေးသည့် စီမံကိန်းများကို ပြန်လည်ပြီး အာရုံစိုက်ရန်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး အသိပေးခဲ့သည်။
PTTEP ရေနံကုမ္ပဏီသည် မြန်မာပိုင် ရဲတံခွန်စီမံကိန်းတွင် ရှယ်ယာ ၁၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး မလေးရှားပိုင် Petronas ကုမ္ပဏီက ၄၀ ဒသမ ၉ ရာခိုင်နှုန်းအထိ ပါဝင်လုပ်ကိုင်နေခြင်းဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ရှယ်ယာ ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဂျပန်နီပွန် ရေနံလုပ်ငန်းက ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်လုပ်ဆောင်နေသည်။
မလေးရှားပိုင် Petronas ကုမ္ပဏီဘက်ကလည်း ယခုလို နုတ်ထွက်လိုက်ခြင်းနှင့် ပတ်သက်ပြီး စက်မှုဝန်းကျင်ပြောင်းလဲခြင်းနှင့် အရှိန်မြှင့်စွမ်းအင်ကူးပြောင်းမှုဆိုင်ရာများကို လိုက်လျောညီထွေဖြစ်စေရန်အပြင် ပိုင်ဆိုင်မှုဆိုင်ရာဆန်းစစ်မှုအတွက်ဗျူဟာများကို ပြန်လည်သုံးသပ်ပြီးနောက် ယခုလို ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်ဟုတုန့်ပြန်အသိပေးခဲ့သည်။
Petronas ရေနံကုမ္ပဏီသည် ၂၀၀၃ ခုနှစ်ကတည်းက ရဲတံခွန်သဘာဓာတ်ငွေ့ စီမံကိန်းတွင် ပါဝင်လည်ပတ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံမှ နှုတ်ထွက်ခဲ့သည့် ရေနံကုမ္ပဏီအများစုသည် လက်ရှိအာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချထားပြီး မေးခွန်းထုတ်မှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဖိနှပ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၁,၈၀၃ ဦး သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နောက်ဆုံး စောင့်ကြည့်လေ့လာမှုများအရ သိရသည်။