ထားဝယ်- မြိတ် ကားလမ်းပေါ်မှ ပြည်သူ ၃ ဦးသေဆုံးခဲ့သည့် ခရီးသည်တင်ကားကို မိုင်းခွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့မှပြောသည်။
အဆိုပါ ခရီးသည်တင်ကားတိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်ညနေ ၅ နာရီခန့်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ပုလောမြို့နယ်၊ သစ်လှတောကျေးရွာအုပ်စု၊ မီးသင်္ဂြိုလ်စက်အနီး(ပုလောမြို့မှ ၆ မိုင်အကွာ)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့၏ တာဝန်ရှိသူတစ်ဦး မှပြောသည်။
“တကယ်တော့တိုက်ပွဲဖြစ်ကြတာ။ စစ်သားတွေပါလာတဲ့ကားကို ကျွန်တော်တို့ ပစ်တာ ၁၈ယောက်ထိပြီး စစ်ဆေးရုံမှာ ကုနေကြတယ်။ တိုက်ပွဲကြားကို ခရီးသည်တင်ကားရောက်လာတာ။ အဲ့တာကို စစ်ခွေးတွေလိုက်ပြီးလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်တာ။ ရတနာတိုးကားကို ထိသွားတယ်”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PRDF) အဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အထက်ပါ ဖြစ်စဉ်ကြောင့် သေဆုံးသူ ကျား၃ဦး၊အရေးပေါ်ဆေးကုသမှုခံယူနေရသူ ၃ဦးနှင့် မိုင်းကွဲစထိမှန်ဒဏ်ရာရရှိသူ ၂၆ဦးတို့ရှိပြီး ဆေးကုသမှုခံယူနေရကြောင်း ပုလောအခြေစိုက် ၂၈၅တပ်ရင်းမှ အမည်မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
“တိုင်းဗဟို၁၂က ရဲဘော်တွေက အခင်းဖြစ်နေရာကို သွားရှင်းလင်းကြတာ။ နှစ်ဖက်တိုက်ပွဲကြား ခရီးသည်တင်ကားညှပ်သွားတဲ့သဘောပေါ့”ဟု ပုလောအခြေစိုက် ၂၈၅တပ်ရင်း၏ အမည်မဖော်လိုသူ ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
ပုလောမြို့သစ် လှတောနီးမှာ ဧပြီလ ၂၈ ညနေ၅နာရီခန့်က ခရီးသည်တင်ယာဉ်ကားများဖြစ်သည့် ရတနာတိုး၂စီး၊ရွှေလီရတနာတစ်စီး အန်တီဝင်းကားတစ်စီး စုစုပေါင်းကား၄စီးဟာ ဒေသခံPDFနှင့် အကြမ်းဖက်စစ်ကောင်တပ်ဖွဲ့တို့ ထိတွေ့မှုတိုက်ပွဲအကြားရောက်ရှိလာပြီး ကျည်ထိမှန်မှုများရှိခဲ့ကြောင်းနှင့် ခရီးသည်တင်ကားနှစ်စီးကို စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိလိုက်ပစ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများစွာဖြစ်ခဲ့ကြောင်း ကားပေါ်တွင်ပါလာသည့် မျက်မြင်ကြုံခဲ့သူ ခရီးသည်တစ်ဦးကပြောသည်။
‘’ ထိတာကတော့ကားပေါ်ပါလာတဲ့ ပုလောက မြဒေါင်ရွာသားတစ်ယောက်ပါတယ်။ မလေးရှားက အပြန်ရန်ကုန်မှာကွာရန်တင်းဝင်ပြီး ပုလောကိုအဆင်းမှာကားပေါ်မှာထိတာ။ နောက်တစ်ယောက်ကတော့ရန်ကုန်ဒေသခံ၊ နောက်တစ်ယောက်က ပဲခူးကလို့ သိထားပါတယ်။ ဒဏ်ရာရတာ ၁၈ ယောက်လောက်ရှိတယ်။ ကားနားခိုင်းတာ မနားလို့ပစ်တာ’’ ဟု ကားပေါ်တွင်ပါလာသည့် ပုလောဒေသခံတစ်ဦးကပြောသည်။
ခရီးသည်တင်ကား၄စီး ပစ်ခတ်ခံခဲ့ရသည့် မြိတ်-ထားဝယ်ကားလမ်းသည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြားထိတွေ့မှု တိုက်ပွဲမကြာ ခဏ ဖြစ်သလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါ လာသည့်ယာဉ်တန်းများလည်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသည့် နေရာဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ လ၂၈ ရက်နေ့က ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရမှုနဲ့ပတ်သတ်ပြီး ဒေသခံတချို့နှင့် ဒေသတွင်းသတင်းများတွင် နှစ်ဖက်တိုက်ပွဲကြား စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့်ဖြစ်ကြောင်းရေးသားပြောဆိုနေသော်လည်း အကြမ်းဖက် စစ်ကောင်စီဘက်မှ သတင်းများကိုထုတ်ပြန်ပေးနေသည့် တယ်လီဂရမ်ချယ်နယ်များတွင် ဒေသခံ PDFများပစ်ကြောင်း စွပ်စွဲထားသည်။
#PRDF #ပြည်သူသေဆုံး #အကြမ်းဖက်စစ်ကောင်စီ #ထားဝယ် #MPA #Myanmar