အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ထက်မနည်းသေဆုံးသည့် ၁၂ရက်ကြာ ထားဝယ်မြို့၊ရေဖြူတိုက်ပွဲအတွင်း DGRFတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်တွေနှင့် ထားဝယ်အခြေစိုက် Dawei Guerrila Revolutionary Force(DGRF)တပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်စဉ် ရဲဘော်နှစ်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။
DGRFတပ်ဖွဲ့မှ ကျဆုံးသွားခဲ့သည့် ရဲဘော်နှစ်ဦးမှာ DGRF တပ်ခွဲ(၁) မှရဲဘော် ကိုနားပြတ်နှင့် DGRF တပ်ခွဲ (၆)မှ ရဲဘော်ကိုရဲပြေးတို့ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက်နေ့ကသေဆုံးကြောင်း DGRFတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“တော်လှန်ရေးအတွက် အသက်စွန့်သွားတာဗျာ။ ကျတာက ဇန်နဝါရီလ ၂၂ရက်နေ့မှ အခုတိုက်ပွဲငြိမ်ပြီမို့ ဒီနေ့ထုတ်ပြန်ချက်ထုတ်တာ။ စစ်ကောင်စီဘက်က ၃၀ထက်မနည်းသေတယ်”ဟု DGRFတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
Launglone People Defence Force ( LPDF ) နှင့် Dawei Guerrilla Revolution Force ( DGRF ) တို့ပူးပေါင်းပြီး ယနေ့ မနက်၃နာရီခန့်က ရေဖြူမြို့နယ်၊ ရလိုင်ရွာမှာ တပ်စွဲထားည့် အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ မိနစ်၂၀ကြာတိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း LPDFတပ်ဖွဲ့၏ ထုတ်ပြန်ခဲ့သည်။
“ ဒီနေ့မနက်ဝင်ကြုံးတာ။၁ဦးသေ ၁ဦးဒဏ်ရာရပေါ့။အဲ့ကောင်လဲ သေမှာပါ။တိုက်ပွဲဖြစ်တဲ့၁၂ရက်အတွင်း သူတို့ဘက်က ၃၀ထက်မနည်းသေတယ်။ကျွန်တော်တို့ မနက်ကတိုက်ပွဲမှာ အကျအဆုံးမရှိပဲ အောင်မြင်စွာစွန့်ခွာနိုင်ခဲ့တယ်” ဟု DGRFတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထပ်မံရှင်းပြပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထားဝယ်မြို့အရှေ့မြောက်ဘက်ခြမ်းနှင့် ရေဖြူမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာငယ်များအတွင်း ဇန်နဝါရီလ ၁၉ ရက်ကစတင်ကာ ဝင်ရောက်တပ်ဆွဲထားပြီး Dawei Guerrila Revolutionary Force(DGRF)တပ်တွေရှိရာကို တရကြမ်းထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲအခြေအနေ ငြိမ်သက်လျက်ရှိသည်။
#MPA #ထားဝယ် #DGRF #ကျဆုံး #Myanmar