By MPA
ဖေဖော်ဝါရီ ၁၀ရက်ကျော်သည်နှင့် ဖာပွန်က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံဌာနများကို ထိုးစစ်ဆင်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ (၅) ၊တပ်ခွဲ ၂၏ ဗိုလ်ကြီးတစ်ဦးက ပြောသည်။
“ ဒီနေ့တော့ သတိပေးစာထုတ်ထားတယ်။၂လပိုင်း၁၀ရက်နေ့အထိ အချိန်ပေးထားတယ်။ ဖာပွန်က စကစ ဌာနဆိုင်ရာဝန်ထမ်းတွေကို ရေလမ်းခရီးကနေပြန်ဖို့ပေါ့”ဟု KNLAတပ်မဟာ (၅) ၊တပ်ခွဲ ၂၏ ဗိုလ်ကြီးတစ်ဦးက ရှင်းပြသည်။
ကရင်အမျိုးသား အစည်းအရုံး KNU၊ တပ်မဟာ (၅) နယ်မြေ မှ ယနေ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အတွင်း ဖာပွန်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အရပ်ဖက်ဆိုင်ရာ ဌာနအသီးသီးက ဝန်ထမ်းတွေ စွန့်ခွာရှောင်တိမ်းဖို့ အသိပေးထားသည်။
ယင်းအသိပေးချက်တွင် အကြမ်းဖက် စစ်ကောင်စီဝန်ထမ်းတွေအနေဖြင့် မိမိနေထိုင်ရာနေရပ်အသီးသီးကို ဖေဖော်ဝါရီလ ၁၀ရက်နေ့အမှီ ရေလမ်းခရီးမှ အတားအဆီးမဲ့ ထွက်ခွာနိုင်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းမပြုရန် နှိုးဆော်ထားသည်။
KNLA၏ ထုတ်ပြန်ချက်အတွင်း အထက်ပါအတိုင်းအသိပေးထားပြီး လိုက်နာလုပ်ဆောင်ခြင်း မရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း သတိပေးထားသည်။
လက်ရှိတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ (၅)နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က သေဆုံးတပ်သား ရာချီရှိနေပြီဖြစ်ကြောင်း KNLA၏ ထုတ်ပြန်ချက်များအရသိရသည်။
#MPA #KNLA #ဖာပွန် #Myanmar #အကြမ်းဖက်စစ်ကောင်စီ