By MPA
အစုအဖွဲ့ ရပိုင်ခွင့်ကို အခြေခံသည့် လူမျိုးကြီး၊ ဘာသာကြီး၊ ပါတီကြီး ဝါဒအမြစ်ဖြတ်နိုင်မှ စစ်မှန်သည့် လွတ်မြောက်မှုရရှိမည်ဟု စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ်ကော်မတီက(GSC)က ပြည်သူ့ညီလာခံတွင် အဆိုတင်သွင်းခဲ့သည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ပြုလုပ်သည့် ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ်ကော်မတီက ယင်းသို့ ထောက်ပြ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြသနာ အ၀၀ ကို ပြန်သုံးသပ်ကြည့်ပါက အတိတ်ကာလ နှင့် လက်ရှိအချိန်အထိ အမျိုးစုံသော ချိုးဖောက်မှုများ၊ ရက်စက်ယုတ်မာမှုများ အပေါ် တာ၀န်ယူမှု၊ တာဝန်ခံမှု မရှိခဲ့သည့် ဖြစ်ရပ်များ၊ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ပြီး ဖက်ဆစ်ဝါဒ အပြိုင်းအရိုင်းထကြွလာခဲ့သည့် ဖြစ်ရပ်များ၊ ကိုယ့် အစုအဖွဲ့ ရပိုင်ခွင့်ကိုသာလျှင် အခြေခံသည့် လူမျိုးကြီး၊ ဘာသာကြီး၊ ပါတီကြီး ၊ စစ်မင်းဝါဒ အားကောင်းခဲ့မှုများ၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန် နိုင်ငံရေးအာသီသ ကင်းမဲ့ခဲ့မှုများ ကို ထင်ထင်ရှားရှားမြင်ရကြောင်း GSC သုံးသပ်တင်ပြထားသည်။
“ ဒီတော်လှန်ရေးမှာမှ ဒီအယူအဆ၊ အတွေးအခေါ် အလေ့အထ ဆိုးတွေ အမြစ်မဖြတ်နိုင်ရင် လူထုလွတ်မြောက်ရေး စစ်စစ်ကို ဘယ်လိုနည်းနဲ့မှ မရယူနိုင်ပါဘူး။ ဒီအချက်တွေကို ပြည်သူ့ညီလာခံ ကျင်းပနေစဥ်ကာလမှာ အထူး သတိပြုပြီး ဆွေးနွေးသုံးသပ်ကြစေချင်ပါတယ်။ လူထုလွတ်မြောက်ရေး အတွက် ဖက်ဒရယ်ဒီမိုကရေစီ မူကို ခိုင်ခိုင်မာမာ ကိုင်စွဲ ကြတဲ့အခါ တပ်ပေါင်းစုရဲ့ ပင်မမူ အဖြစ် – စစ်အုပ်စုနဲ့ မူ၀ါဒမဲ့ ဒူးထောက်အညံခံ စေ့စပ်ညှိနှိုင်းတဲ့ အတွေးအခေါ်ကို ပြတ်သားစွာ ဆန့်ကျင်ကြဖို့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ်ကော်မတီ က အဆိုတင်သွင်းလိုက်ပါတယ်။ “ ယနေ့ပြုလုပ်သည့် ပြည်သူ့ညီလာခံတွင် သဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ်ကော်မတီ GSC အနေဖြင့် လွတ်လပ်မှု၊ တန်းတူမှုနှင့် တရားမျှတမှု၊ တာ၀န်ယူမှု၊ တာ၀န်ခံမှု အတွက် မူဝါဒ သဘောထားတူသည့်မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အာဏာရှင်စနစ်မှန်သမျှ ကို မြန်မာ့မြေပေါ်မှာ အပြီးတိုင်ဖယ်ရှားပစ်ရန် အားလုံးပူးပေါင်းဆောင်ရွက်သွားကြဖို့တိုက်တွန်းပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် လူထုလူတန်းစားအစုံ ပါ၀င်မှု အများဆုံးသော တော်လှန်ရေးဖြစ်ကာ ၂၀၂၁ တော်လှန်ရေးဟာ နှစ် (၇၀) ကျော်ကြာ တိုက်ပွဲ၀င်ခဲ့ကြသည့် အလုပ်သမားထု၊ လယ်သမားထု၊ ကျောင်းသားထု ဖြင့် လူမျိုးပေါင်းစုံ တော်လှန်ရေးအစုအဖွဲ့များ၏ စဥ်ဆက်မပြတ် တော်လှန်ရေး တိုက်ပွဲများကြောင့်ဆက်လက် ပေါ်ပေါက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေ သပိတ်ကော်မတီ GSCသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကြိုးစားသည့် ဖြစ်စဥ်ပေါ်ပေါက်ပြီးနောက်ပိုင်း မူ (၃) ချက် ကို ကိုင်စွဲကာ လူထုနှင့်အတူ တော်လှန်ရေးဆင်နွဲလျက်ရှိသည်။ GSCသည် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လမ်းစဥ် အခြေခံမူ (၃) ချက်ကို တစိုက်မတ်မတ် ကိုင်စွဲ ပြီး ယနေ့ ရက်ပေါင်း (၃၆၁) ရက်နေ့အထိ GSC ဟာ အဖိနှိပ်ခံ ကျောမွဲ၊ နင်းပြား တွေနဲ့အတူ မသွေမဖီဘဲ တသားတည်း ရပ်တည် ဆောင်ရွက်လျက်ရှိသည်။
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ပြည်သူ့ညီလာခံကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပနေပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် ဖက်ဒရယ် ဒီမိုကရေစီ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေစသည့် လုပ်ငန်းစဉ် သုံးရပ်ကို အတည်ပြုမည် ဖြစ်သည်။